Saturday, September 13, 2014

ကလေးအခွင့်အရေးအတွက် မန္တလေးထောင်အတွင်း ကလေးများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ ဖွင့်ပေးမည်

ဇာနည်အောင်

ကလေးအခွင့်အရေး အပြည့်အ၀ရရှိစေရေး မန္တလေးထောင်မှ အကျဉ်းသားများနှင့် ထောင်ဝန်ထမ်းများ၏ ကလေးများအတွက် အကျဉ်းထောင်ဝင်းအတွင်း နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ မူကြို (Pre-School) ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း ရတနာ့မေတ္တာအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေက မဇ္ဈိမကို ပြောသည်။

“အကျဉ်းကျသူနဲ့ ပါလာတဲ့ကလေးတွေက ထောင်ထဲမှာ မိဘနဲ့အတူရောပြီး ဒုက္ခရောက်ပါတယ်” ဟု ၎င်းက ပြောသည်။အဆိုပါဂေဟာတွင် မိခင်နှင့်အတူ အကျဉ်းကျစဉ်ပါလာသည့် ကလေးများနှင့် ထောင်ဝန်ထမ်းများ၏ ကလေးများကို စောင့်ရှောက်နိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆွေးနွေးနေပြီးမူကြို (Pre- School) ဂေဟာဖွင့်လှစ်ပြီး စာသင်ပေးခြင်း၊ နေ့ပိုင်း စောင့်ရှောက်မှုပေးခြင်းတို့ကို ဆောင်ရွက်ပေးမည် ဖြစ်သည်။ အဆိုပါဂေဟာကို နှစ်ကုန်ပိုင်းတွင် ဖွင့်လှစ်မည်ဖြစ်သည်ဟု ၎င်းကဆိုသည်။

အဆိုပါဂေဟာ ဖွင့်လှစ်ရခြင်းမှာ ယုံကြည်ဆောင်ရွက်ကလေးများအတွက် စီမံချက်အဖြစ် ဆောင်ရွက်ခြင်းဖြစ်ပြီး ကလေးငယ်များ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေရန်၊ ပတ်ဝန်းကျင် ကောင်းတစ်ခု ဖြစ်ပေါ်လာစေရန်၊ ကလေးများ၏ ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်မှုရပိုင်ခွင့်နှင့် ပူးပေါင်းပါဝင်ခွင့်များ အပြည့်အ၀ ပုံဖော်ပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်သည်ဟု ၎င်းကဆိုသည်။

အဆိုပါဂေဟာတွင် တစ်နှစ်အောက်မှ ငါးနှစ်ထိလက်ခံပေးမည်ဖြစ်ပြီး ကလေးငယ်များ၏ ကျန်းမာရေး၊ အာဟာရများကို ရတနာ့မေတ္တာအဖွဲ့က တာဝန်ယူကူညီပေးမည်ဖြစ်ပြီး စေတနာ့ဝန်ထမ်းသုံးဦးက ပြုစုစောင့်ရှောက်ပေးမည်ဖြစ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကလေးသူငယ် ဖွံ့ဖြိုးတိုးတတ်ရေးကွန်ရက် စီမံကိန်းမန်နေဂျာ ဦးအာကာစိုးနောင်က “ကလေးတွေကို အဘက်ဘက်ကပံ့ပိုးပေးဖို့ ဂေဟာတွေဖွင့်ရုံနဲ့တင် မလုံလောက်သေးပါဘူး။ ဖွင့်ပြီးရင် သူတို့ဘ၀ကို ဘယ်လောက်ထိ ပံ့ပိုးပေးမလဲဆိုတာက အဓိကကျပါတယ်” ဟု ပြောသည်။

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီတွင် အမေရိကန်လူမျိုးပိုင် The Bridge of Life အဖွဲ့မှ ပုသိမ် အကျဉ်းထောင်အတွင်းရှိ အကျဉ်းကျသူများ၏ ကလေးများနှင့်အကျဉ်းထောင်ဝန်ထမ်းများ၏ သားသမီးများကို အကျဉ်း ထောင်ဝင်းအတွင်း မူကြိုဂေဟာ (Pre-school) ဖွင့်လှစ်ပေးပြီး ကလေး ၁၉ ဦးကို ပညာသင်ကြားပေး ခြင်းနှင့် ထိန်းသိမ်း စောင့်ရှောက်မှုများ ဆောင်ရွက်ပေးသည်။

ယုံကြည်ဆောင်ရွက် ကလေးများအတွက်စီမံချက်ကို ပြည်တွင်း၊ ပြည်ပ NGO များ၏ ကူညီမှုဖြင့် ပြုလုပ်နေသည်။

No comments:

Post a Comment