Wednesday, September 17, 2014

ပြည်ပ အလုပ်အကိုင်အေဂျင်စီများ ပိုင်ဆိုင်မှု အထောက်အထားခိုင်လုံမှ လိုင်စင်ချပေးမည်

ဇာနည်အောင်

ပြည်ပအလုပ်သမားဈေးကွက်နှင့် ဖောင်းပွနေသည့် အေဂျင်စီများထိန်းချုပ်နိုင်ရန် ပြည်ပအလုပ်အကိုင်အေ ဂျင်စီ လုပ်ငန်းလိုင်စင် လျှောက်ထားရာတွင် ပိုင်ဆိုင်မှုအထောက်အထားခိုင်လုံမှ လိုင်စင်ချထားပေးတော့ မည်ဖြစ်ကြောင်း ပြည်တွင်း၊ ပြည်ပအလုပ်အကိုင် ရှာဖွေရေးလုပ်ငန်းရှင်များအသင်းချုပ် အတွင်းရေးမှူး ဦးကျော်ထင်ကျော်က မဇ္ဈိမကို ပြောသည်။

ထို့ပြင် လုပ်သားတင်ပို့ရာတွင် ၀န်ကြီးဌာနနှင့် အသင်းချုပ်ထံသို့မတင်ပြဘဲ တရားမ၀င်စေလွှတ်ခြင်း၊ လုပ်သားစာရင်း လိမ်လည်သည့် အေဂျင်စီများကို သုံးလလိုင်စင်ပိတ်သိမ်း အရေးယူမည်ဖြစ်သည်။ဦးကျော် ထင်ကျော်က “ပိုင်ဆိုင်မှု အထောက်အထားသေချာတင်ပြနိုင်ရမယ်။ ပိုင်ဆိုင်မှုက မြေယာ၊ ဒါမဟုတ်ရင် မတည်ရင်းနှီးငွေ အနည်းဆုံး သိန်း ၁,၀၀၀ ရှိရမယ်။ အေဂျင်စီလုပ်ငန်းများလာတာ ဈေးကွက်ဖောင်းပွမှု ဖြစ်ပေါ်စေတယ်” ဟု ပြောသည်။

အိမ်အကူနှင့် ပတ်သက်သည့် ပြဿနာများ နိုင်ငံအချို့တွင် မကြာခဏဖြစ်ပေါ်နေသည့်အတွက် စင်ကာပူနိုင်ငံသို့ အိမ်အကူစေလွှတ်မှု ခြောက်လပိတ်သိမ်းလိုက်ပြီဖြစ်သည့်အပြင် မကာအို နိုင်ငံအိမ်အကူစေလွှတ်ရာတွင် ၀န်ကြီးဌာနနှင့် အသင်းချုပ်တို့ကို အသိမပေးဘဲ တရားမ၀င်စေလွှတ်ခြင်းနှင့် အဆိုပါ အိမ်အကူများ၏ လစာများကို စာချုပ်ပါအတိုင်း မဟုတ်ဘဲ ဖောက်ဖျက်ခြင်း၊ မလေးရှားနိုင်ငံသို့ အလုပ်သမားများ စေလွှတ်ရာတွင် ပြည်ဝင်ခွင့် (ဗီဇာ) လက်မှတ်အတုများဖြင့် စေလွှတ်ခဲ့ခြင်းကြောင့် တစ်ဖက်နိုင်ငံတွင်ဖမ်းဆီးခံရ ခြင်းများကြောင့် အလုပ်သမားဈေးကွက် ပျက်စီးသည့်အပြင် အေဂျင်စီများ ဖောင်းပွလာလျက်ရှိသည်။

ထို့ကြောင့် အေဂျင်စီများ ဖောင်ပွမှုမရှိစေရန်နှင့် အလုပ်သမားဈေးကွက် မပျက်စေရန် အေဂျင်စီများကိုစနစ် တကျ စိစစ်ခြင်းနှင့် အရေးယူခြင်းများ ဆောင်ရွက်သွားမည်ဟု ဦးကျော်ထင်ကျော်က ဆိုသည်။အရေးယူ ဆောင်ရွက်ရာတွင် လုပ်ငန်းလိုင်စင် လျှောက်ထားပြီး လက်ရှိအချိန်ထိ လုပ်ငန်းလုပ်ကိုင်ခြင်းမရှိသည့် လိုင်စင်ရအေဂျင်စီများ၊ ၀န်ဆောင်ခပိုမိုတောင်းခံသည့် အေဂျင်စီများအား ၀န်ဆောင်ခပိုတောင်းခံသည့် အေဂျင်စီများက ပိုတောင်းခံထားသည့်ငွေပမာဏများကို ကာယကံရှင်များထံ ပြန်ပေးရန်၊ ပြည်ပတွင်အ လုပ်လုပ်ကိုင်ခွင့် (Work Permit)သက်တမ်းမတိုးရသေးသည့် အလုပ်သမားအရေးများနှင့် ပတ်သက် သည့် ပြည်ပအလုပ်အကိုင် အေဂျင်စီများနှင့် အသင်းချုပ်တို့ တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်သည်။

အလုပ်သမား အလုပ်အကိုင်နှင့် လူမှု ဖူလုံရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က “အေဂျင်စီတွေနဲ့ ညှိနှိုင်းပြီး လုပ်ငန်းလိုင်စင် အာမခံကြေးသစ် ပြောင်းလဲဖို့ ညှိနှိုင်းသွားမယ်” ဟု ပြောသည်။

No comments: