Mizzima
ယနေ့ကျရောက်သည့် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့အတွက် ပေးပို့သော သ၀ဏ်လွှာတွင် သမ္မတဦးသိန်းစိန်က ကမ္ဘာ့ ငြိမ်းချမ်းရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သော အာရှ ကိုယ်စားပြု ပထမဆုံး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်ကို ဂုဏ်ပြုချီးကျူးလိုက်သည်။
"စစ်ပွဲများကို ပေါ်ပေါက်စေခဲ့သည့် လူသားများ၏ စိတ်နှလုံးသားထဲမှာပင် စစ်ပွဲများကို ဟန့်တားနိုင်သော ချစ်ခြင်းမေတ္တာနှင့် ကိုယ်ချင်းစာတရားများကို ပြုစုပျိုးထောင် သွားကြရမည်" ဟု ဦးသန့်၏ အဆိုအမိန့်ကို သမ္မတ သ၀ဏ်လွှာတွင် ကိုးကား ဂုဏ်ပြု ဖော်ပြထားသည်။
ယနေ့သည် ၃၂ ကြိမ်မြောက် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ဖြစ်ပြီး ယခုနှစ်ဆောင်ပုဒ်မှာ ငြိမ်းချမ်းရေးသည် လူသားအားလုံး ရရှိခံစားသင့်သည် လူ့အခွင့်အရေးတစ်ရပ် ဖြစ်သည်။
"အားလုံး၏ စိတ်ကောင်း စေတနာရှိမှု၊ ငြိမ်းချမ်းရေး ရလိုစိတ် ပြင်းပြမှုနှင့် အားကြိုးမာန်တက် ပူးပေါင်းဆောင်ရွက်မှုများဖြင့် ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းမှ ကြိုးပမ်းတည်ဆောက်နေသော ငြိမ်းချမ်းရေးဖြစ်စဉ်သည် အောင်မြင်စွာ အကောင်အထည် ပေါ်လာလိမ့်မည်ဟု ယုံကြည်ပါသည်" ဟု သမ္မတက သ၀ဏ်လွှာတွင် ရေးသားထားသည်။
လက်ရှိတွင် ပြည်တွင်းငြိမ်းချမ်းရေး၏ ကနဦးခြေလှမ်းအဖြစ် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များကြား နိုင်ငံလုံးဆိုင်ရာ အပစ်ရပ် လက်မှတ်ရေးထိုးနိုင်ရေး နောက်ဆုံးအဆင့် ပြီးပြတ်ရန် ဆွေးနွေးနေကြဆဲဖြစ်ပြီး၊ ဆက်လက်၍ နိုင်ငံရေး ဆွေးနွေးပွဲများ တက်လှမ်းနိုင်ရန် ကြိုးပမ်းနေကြသည်။
No comments:
Post a Comment