Monday, September 22, 2014

DKBA ဗိုလ် သေဆုံးမှု အမှုဖွင့်ထားခြင်းမရှိ

နန်းလွင်နှင်းပွင့်

မြ၀တီမြို့တွင်း ဒီမိုကရေစီကရင့် အကျိုးပြု တပ်မတော် (DKBA)မှ ဗိုလ်အား တပ်မတော်ဘက်က သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် ကိစ္စရပ်နှင့် ပတ်သက်၍ အမှုဖွင့်ထားခြင်း မရှိဟု မြ၀တီရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမသို့ ဖြေကြားသည်။

“အမှုကို ဘာမှဆောင်ရွက်ထားခြင်းမရှိပါဘူး၊ တစ်ဖက်ကလည်း အဖွဲ့အစည်းဖြစ်နေတယ်၊ တစ်ဖက်ကလည်း တပ်မတော် ဖြစ်နေတာမို့ လူကြီးပိုင်းတွေ ဆောင်ရွက်ပါလိမ့်မယ်” ဟုလည်း ထိုသူကဆိုသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုမှာ စက်တင်ဘာလ ၁၉ ရက်တွင် DKBA မှ တပ်ဖွဲ့ဝင်များ မောင်းလာသည့် ကားနှင့် အရပ်သားကား တိုက်မိရာမှ အချင်းများခဲ့ပြီး အရပ်သားများမှ မြို့တွင်းလုံခြုံရေးယူထားသည့် နယ်ခြားစောင့်တပ်နှင့် အစိုးရတပ်များအား တိုင်ကြားရာ ၎င်းတို့ ရောက်ရှိလာစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုပစ်ခတ်မှုကြောင့် DKBA၊ တပ်ရင်း (၉၀၁) မှ ဗိုလ်လင်းနိုင် သေဆုံးကာ တပ်သားစောစိုင်း ဒဏ်ရာရရှိခဲ့သည်။ DKBA မှ မြ၀တီဆက်ဆံရေးရုံး၊ တာဝန်ခံ ဗိုလ်ကြီးစောစိုးမြင့်က မိမိတို့ တပ်ဖွဲ့ဝင်များမှာ အရက်မူးကာ အပျော်လွန်နေပြီး နှစ်ဦးနှစ်ဖက် ညှိနှိုင်းမရ၍ ထိုကဲ့သို့ ပစ်ခတ်မှု ဖြစ်ပွားသွားခဲ့ခြင်းဖြစ်ပြီး အမှုကိစ္စအားမည်သို့ ဆက်လက်လုပ်ကိုင်ရမည်ကို မသိသေးဟု မဇ္ဈိမကိုပြောသည်။

မြဝတီစခန်း တာဝန်ခံ ဒုရဲအုပ် စိုးသီဟက “ ဒီကိစ္စက အထက်က ကျွန်တော်တို့ကို မညွှန်ကြားထားတော့ ဘာမှလုပ်လို့မရဘူး" ဟုဆိုသည်။


စက်တင်ဘာလတွင်း ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA (PC) မှ အခြားမြေကွက်များနှင့် ပိုင်ဆိုင်မှု အငြင်းပွားခြင်း ကိစ္စရပ်များ၊ နယ်စပ်ကုန်သွယ်ရေးဂိတ်တွင် ထိုင်းကုန်တင်ကားများ ဝင်ခွင့်ပိတ်ခြင်း၊ ဘားအံရဲစခန်းသို့ ဝိုင်းသည့်ကိစ္စရပ်များ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ငြိမ်းချမ်းရေးယူထားသည့် လက်နက်ကိုင်တပ်ဖွဲ့များ အနေဖြင့် မြ၀တီမြို့တွင်း/ပြင် သွားလာရာတွင် ယူနီဖောင်းဝတ်ဆင်ခြင်း၊ လက်နက်ကိုင်ဆောင်ခြင်းများ မပြုလုပ်ရန် အစိုးရတပ်ဘက်မှ ကရင်လက်နက်ကိုင် အဖွဲ့များဖြစ်သည့် KNU/KNLA (PC) ၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) အဖွဲ့တို့ထံ စက်တင်ဘာ ၁၄ ရက်တွင် သတိပေးစာပေးပို့ခဲ့သည်။

KNU/KNLA (PC) ဘက်ကလည်း အစိုးရတပ်များ သွားလာပါကလည်း မိမိတို့ တပ်ဖွဲ့သို့ အကြောင်းကြားပြီးမှ သွားလာရန်နှင့် အကြောင်းမကြားပါက ကရင်ပြည်နယ်တွင်း သွားလာမှု တားမြစ်သည်ဟု စက်တင်ဘာ ၁၇ ရက်တွင် အပြန်အလှန် စာထုတ်ပြန်ခဲ့သည်။

No comments:

Post a Comment