Tuesday, September 16, 2014

လိုဂို အသစ်နဲ့ MPT ကဒ်များ ဈေးလျော့ ရောင်းချ

ဂျွန်ချစ်ငြိမ်း

တောင်ကြီးမြို့၊ ကန်အောက်ရပ်ကွက်ရှိ စူပါကော်ဖီမစ် အရောင်းကုမ္ပဏီမှ ၎င်းတို့ရရှိသော MPT လိုဂိုဒီဇိုင်းအသစ်ဖြင့် MPT ဆင်းကဒ်ခွဲတန်းများအား ပြန်လည်ရောင်းချပေးရာ စက်တင်ဘာ ၁၅ ရက် နံနက် ၄းဝဝ နာရီ ကတည်းက လာရောက်စောင့်ဆိုင်း ဝယ်ယူနေသူများနှင့် တန်းစီနေသူများပြားနေသည်။

"သူတို့ရောင်းပေးတာ ၂ ရက်ရှိပြီ။ တန်းစီနေရတာ စနစ်မကျဘူး။ စနစ်တော့ နည်းနည်းလိုတယ်၊ မနက် ၇ နာရီကတည်းက လာစောင့်နေတာ” ဟု တောင်ကြီးဒေသခံ ကိုစိုင်းကျော်ထွေး က မဇ္ဈိမကိုပြောသည်။

စူပါ ကော်ဖီမစ်ကုမ္ပဏီမှ MPT လိုဂိုဒီဇိုင်းအသစ်ဖြင့် MPT ဆင်းကဒ်တစ်ကဒ်လျင် ကျပ် ၁၂ဝဝ ဖြင့် လူတစ်ဦးလျင် တစ်ကဒ်နှုန်း ရောင်းချပေးနေပြီး နောက်ရက်များတွင်လည်း ရရှိသည့်ခွဲတန်းများကို ထပ်မံရောင်းချပေးသွားမည်ဟု စူပါ ကော်ဖီမစ်ကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။

ယင်းသို့ ဆင်းကဒ်ဝယ်ယူသူများသည် နံနက် ၄ နာရီခန့်ကတည်းက လာရောက်တန်းစီနေကြပြီး နံနက် ၉ နာရီကျော်ခန့်၌ စူပါကုမ္ပဏီမှ ဆင်းကဒ်အရေအတွက် (၂ဝဝ) ကို အကန့်အသတ်ဖြင့် ရောင်းချပေးနေသည်။ ရောင်းချမှုတွင် တန်းစီ စောင့်ဆိုင်းနေသူများနှင့် ကြားဖြတ်တိုးဝင်သူများ အခြေအတင် စကားများမှုများလည်း ဖြစ်ပေါ်လျက်ရှိသည်ဟု ဆင်းကဒ်ရရှိရန် တန်းစီစောင့်ဆိုင်းနေသူတစ်ချို့က ပြောသည်။

"ပိုက်ဆံ ကဒ်ပါရင် ၆၂ဝဝ၊ မပါရင် ၁၂ဝဝ ပေးရတယ်၊ အလုပ်တွေဘာတွေ ပြောတဲ့အခါသုံးဖို့ လာဝယ်တာပါ။ ပြန်တော့ မရောင်းပါဘူး ” ဟု လာရောက်တန်းစီနေသူ ကိုစိုင်းကိုက ပြောသည်။

တောင်ကြီးမြို့တွင် ဆင်းကတ်သီးသန့် ဝယ်ယူနိုင်သည့် နေရာသုံးခုခန့်သာရှိပြီး အချို့ဆိုင်များကမူ ဟန်းဆက်ဝယ်မှသာ ဆင်းကတ်လက်ဆောင်ပေးသည်ဟု တောင်ကြီးဒေသခံများက ပြောသည်။

Elite ၊ Asia Light ၊ Super Coffee Mix တို့တွင် MPT ဆင်းကဒ်များသီးသန့် ဝယ်ယူနိုင်သော်လည်း မိမိတို့အနေဖြင့်မူ ခွဲတန်းအနည်းငယ်သာ ရရှိသဖြင့် ကျပ် ၈ဝဝဝဝ အထက်ဟန်းဆက်ဝယ်လျင် ဆင်းကဒ် လက်ဆောင်ပေးသည့် စနစ်ကိုသာ ကျင့်သုံးနေခြင်းဖြစ်သည်ဟု တောင်ကြီးမြို့ မိန်းလမ်းပေါ်ရှိ ဖုန်းအရောင်းဆိုင် တစ်ဆိုင်က ပြောသည်။

MPT ဆင်းမ်ကတ်များကို စက်တင်ဘာ ၁ ရက်မှ စတင်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ မိုဘိုင်းဖုန်း ဆိုင်များမှ တစ်ဆင့်ရောင်းချပေးခဲ့ပြီး ရှမ်းပြည်နယ်အတွင်းရှိ မြို့ပေါင်း ၃ဝ ကျော်ရှိ ဆိုင်ပေါင်း ၂ဝဝ ကျော်တွင် ဝယ်ယူရရှိနိုင်သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းထုတ်ပြန်ထားသည်။

No comments:

Post a Comment