ဧရာဝတီ
ယနေ့ခေတ် ရန်ကုန်တွင် အခမ်းအနားများစွာ ကျင်းပလာကြ သကဲ့သို့၊ နယ်ပယ် အသီးသီးမှ အနုပညာရှင်များ အတွက် ၎င်းတို့၏ အနုပညာ ပါရမီကို ပြသရန် ကြားခံ အဖြစ် ပြုလုပ်ပေးသည့် နေရာများလည်း များပြားလာသည်ကို တွေ့ရသည်။ နောက်ဆက်တွဲအနေဖြင့် လူမှုအသိုင်းအဝိုင်း အကြားတွင်လည်း အနုပညာအပေါ် စိတ်ဝင်စားမှု၊ အနုပညာ ခံစားမှုများ တိုးပွား လာသည်။
ဤကဲ့သို့သော အခြေအနေများကြောင့် အနုပညာရှင်များလည်း မျှော်လင့်ချက်ပိုမို ထားနိုင်လာပြီး သူတို့၏ အနုပညာ အရည်အသွေးကို ဆက်လက်တိုးတက် ကောင်းမွန်စေရေး အတွက် အားထုတ်ရန် တွန်းအားများ ဖြစ်စေသည်။
တခါတရံ လေထဲမှ အနုပညာ (Arts in the Air) ဆိုသည်မှာ လေထဲတွင် လွင့်ပျောက်သွားသည် ဆိုလျှင်တောင်မှ စင်ပေါ်ကို ရောက်နိုင်ရန် အခွင့်အလမ်း နည်းလွန်းသူတို့ အတွက် သူတို့၏ ပုန်းကွယ်နေသော သို့မဟုတ် မေ့လျော့ နေသော အနုပညာ အလားအလာကောင်းများ ပေါ်ထွက်လာစေမည့် အခွင့်အလမ်း တခုကို ရယူနိုင်မည် ဖြစ်သည်။
ဇူလိုင်လ အစောပိုင်းက ရန်ကုန်ရှိ TS.1 အနုပညာခန်းမတွင် My Word Open Mic အမည်ရှိ အခမ်းအနားတခုကို ကျင်းပခဲ့သည်။ TS.1 သည် အနုပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ အခမ်းအနားများ ကျင်းပရန် အတွက် ပြုလုပ်ထားသည့် နေရာဖြစ်သည်။ Open Mic ဆိုသည်မှာ Microphone မှတဆင့် ကဗျာရွတ်ဆိုခြင်း၊ ဟောပြောခြင်း၊ ဂီတဖြင့် ဖျော်ဖြေခြင်း၊ ဟာသပြက်လုံး ထုတ်ခြင်းများ ပြုလုပ်သည့် အစီအစဉ် ဖြစ်သည်။
My Word ကို တည်ထောင်သူ Nikita West ၏ အကူအညီဖြင့် မတူကွဲပြားမှုများ ရှိနေသည့် အသိုင်းအဝိုင်းတခုကို စုစည်းပြီး သူတို့၏ Open Mic တင်ဆက်မှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။
“ကျမ My Word ကို စတင်ခဲ့တာက ရန်ကုန်မှာ ပါရမီရှိတဲ့ အနုပညာသမားတွေ ရှိနေတယ်၊ သူတို့ အရည်အချင်းကို ထုတ်ဖော် ပြသနိုင်ဖို့ လုံခြုံပြီး အထောက်အကူ ဖြစ်မယ့်နေရာ တခု လိုအပ်နေတယ် ဆိုတာ သိလိုက်ရလို့ပါ။ Open Mic ပွဲတွေ များလာတာက လူတွေကို ဆက်လုပ်ဖို့ အင်အား ဖြစ်စေပါတယ်။ တချို့ဆို စားဝတ်နေရေး အတွက် နေ့ခင်းဘက် လုပ်နေရတဲ့ အလုပ်ဟာ သူတို့ရဲ့ အနုပညာပိုင်းဆိုင်ရာနဲ့ လုံးလုံး မသက်ဆိုင်တာမျိုး ရှိနေပါတယ်” ဟု Nikita West က ရှင်းပြသည်။
Open Mic တင်ဆက်မှုများက အနုပညာရှင်တို့၏ တခြားဘက် မျက်နှာစာကို ဖော်ထုတ်ပြသနိုင်ရန်အတွက် လမ်းဖွင့်ပေးနိုင်မည်ဟု မျှော်လင့်သည်ဟုလည်း သူကဆိုသည်။
Nikita West က My Word Open Mic ကို လစဉ် ပြုလုပ်နိုင်ရန် စီစဉ်နေပြီး စကားပြော အနုပညာရှင်များ၊ ကဗျာဆရာများ၊ ဟာသပညာရှင်များကို ဖိတ်ခေါ်ကာ အနုပညာအမျိုးမျိုး ရောနှောထားသည့် တင်ဆက်မှုများကို ညနေခင်းများတွင် ပြုလုပ်ချင်နေသည်။
ရန်ကုန် အခြေစိုက် The Myth တီးဝိုင်းမှ တမူထူးခြားသည့် ဟန်ဖြင့် ပေါက်ကွဲစွာ သီဆိုတတ်သည့် Ja Som Laban က ညဘက်တွင် စိတ်ဝင်စားဖွယ် ဖျော်ဖြေတင်ဆက်မှုတခု ပြုလုပ်ခဲ့သည်။
သူမ၏ နားဝင်ချို၍ မှတ်မိလွယ်သော တေးသွားများ ရောယှက်ဖွဲ့စည်းထားပြီး Indie Pop (၁၉၈၀ နှစ်များအတွင်းက အင်္ဂလန် နိုင်ငံမှ စတင်ခဲ့သော Alternative Rock ဂီတ အမျိုးအစားတမျိုး) ဆန်သည့် သီချင်းများနှင့် စင်မြင့် အနေအထား ကလည်း ဆီယက်တယ်လ်၊ လန်ဒန်နှင့် တိုကျို မြို့များရှိ ကလပ်များနည်းတူ ပြင်ဆင်ထားသည်။
TS.1 တွင် စုရုံးခဲ့ပြီး ရက်အနည်းငယ် အကြာတွင် ရန်ကုန်မြို့ရှိ အမျိုးသား ကဇာတ်ရုံတွင် စစ်ကိုင်းတိုင်းနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော အိန္ဒိယ အရှေ့မြောက်ပိုင်းပြည်နယ် Nagaland ကို ကိုယ်စားပြုသည့် ခမ်းနားကြီး ကျယ်သော Hand-shake Concert (ဂီတမှတဆင့် ချစ်ကြည်ရင်းနှီးမှု၊ ယဉ်ကျေးမှုတို့ကို မြှင့်တင်ရန် ကျင်းပသည့်ပွဲ) ကို ကျင်းပခဲ့ရာ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံမှ ကမ္ဘာ့အဆင့်မီ ဂီတပညာရှင်များ၊ ကချေသည်များ ပါဝင်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားကို ရန်ကုန်မြို့မှ အိန္ဒိယသံရုံး၊ Rattle & Hum Music Society of Nagaland နှင့် မြန်မာနိုင်ငံမှ ယဉ်ကျေးမှု ဝန်ကြီးဌာနတို့ ပူးပေါင်းတင်ဆက်ခဲ့ကြခြင်း ဖြစ်ပြီး ၂ နိုင်ငံ၏ သမိုင်း၊ ယဉ်ကျေးမှုနှင့် ဘာသာစကား ဆိုင်ရာ ဆက်သွယ်နေမှုများကို ထူးခြားစွာ သရုပ်ဆောင် တင်ဆက်ခဲ့ကြသည်။
တကိုယ်လုံးကို အိုးစည်များ အပြည့်လွယ်ထားသည့် မြန်မာအမျိုးသမီး မသီတာလင်း၏ စည်းချက်တချက် မလွတ်ရအောင် တီးပြသွားသည်ကို ကျောင်းသားငယ်လေး အများအပြား ပါဝင်သည့် ကြီးမားများပြားသည့် ပရိသတ်ကြီးသည် အံ့ဩတကြီး ကြည့်ခဲ့ကြသည်။
နောက်ထပ် တင်ဆက်မှုတွင် Nagaland ၏ ယဉ်ကျေးမှု သံအမတ်များ ဖြစ်ကြသော Tetseo ညီအစ်မများက ရိုးရာ နာဂဝတ်စုံကို ဝတ်ဆင်ပြီး သာယာငြိမ့်ညောင်းသော ရိုးရာသီချင်းများကို Chokri ဘာသာစကားဖြင့် သီဆိုဖျော်ဖြေ ကြသည်။
သူတို့ Chakhesng မျိုးနွယ်စု၏ ဂီတကို ထိန်းသိမ်း စောင့်ရှောက်ထားခြင်းကို ရည်ညွှန်းသည့် Tetseo ညီအစ်မများ၏ အသံက ခန်းမအတွင်းတွင် ဝေ့ဝဲပျံ့လွင့်ပြီး ပဲ့တင်ရိုက်ခတ်နေသည်။
ဂန္ထဝင်မြောက်စွာ လေ့ကျင့်ပေးထားသည့် Nagaland မှ အဆိုတော်များ၏ အဖွဲ့လိုက်သီချင်း ဖြစ်သည့် Voices of Hope (မျှော်လင့်ခြင်း အသံများ) အမည်ရှိ သီချင်းကလည်း အဖြစ်အပျက်တခုကို သရုပ်ဖော်နေသလို အားမာန် ပါသည်။ အော်စကာဆုများစွာ ရရှိခဲ့သည့် “Slumdog Millionaire” ဇာတ်ကားမှ “ Jai Ho” သီချင်းကို ၎င်းတို့ တင်ဆက်သည့် အခါတွင်လည်း နားဆင်သူ ပရိသတ်ကို စိတ်လှုပ်ရှားအောင် ဆွဲဆောင်နိုင်ခဲ့သည်။
ဂီတဟန် အမျိုးမျိုးကို အလှည့်ကျ တင်ဆက်သည့် နေရာတွင် Jaipure ဂရမ်မီဆုရှင် Pandit-Vishwa Mohan Bhatt ၏ Tabla ဗုံငယ်လေးများနှင့် တွဲဖက်၍ Mohan Veena ဂစ်တာကို တီးခတ်ဖျော်ဖြေမှုက ထိုညတွင် ညှို့ယူဖမ်းစား နိုင်မှု အရှိဆုံး ဖြစ်ခဲ့ရသည်။
အဆိုပါ အခမ်းအနား ၂ ခုကို ကြည့်ခြင်း အားဖြင့် ပြည်တွင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှ သာမန်ထက် ပိုလွန် သည့် ပွဲများကို ရန်ကုန်တွင် ကျင်းပရန် စိတ်ဝင်စားမှု တိုးပွားလာသည်ကို မြင်နေရသည်။ ယင်းသည် ရန်ကုန်မြို့တော် ၏ အနာဂတ် အနုပညာအခင်းအကျင်း ပိုမိုအားကောင်းလာမည်ဟု မျှော်လင့်မိစေပါသည်။ ။

No comments:
Post a Comment