Friday, October 3, 2014

ပုဒ်မ ၁၈ ဖျက်သိမ်းရန် တစ်ကိုယ်တော်ဆန္ဒပြသူ ယင်းပုဒ်မဖြင့်ပင် ထောင်ဒဏ်လေးလကျ

အောင်သူရထွန်း

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ပထမဆုံးအကြိမ်အဖြစ် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၄ရက်က တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ခဲ့သူ ဦးသာချို(ခ) ဦးကျော်မင်းဇော်အား ပျဉ်းမနားမြို့နယ်တရားရုံးက ပုဒ်မ ၁၈ ဖြင့်ပြစ်မှု ထင်ရှားသည်ဟုဆိုကာ ထောင်ဒဏ်လေးလ ပြစ်ဒဏ်ချမှတ်လိုက်သည်။

အချို့သော တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ယခုကဲ့သို့ တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်မှုများ အတွက် ပြစ်ဒဏ်ချမှတ်ခံရမှုများ ရှိသော်လည်း နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်တရားရုံးမှ ချမှတ်လိုက်သော အမိန့်သည် ပြင်းထန်လွန်းကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

“နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ ဖြစ်ခွင့်ပေးလိုက်ရင် သူတို့ (နေပြည်တော်ကောင်စီ) ရဲ့ ပျော့ညံ့မှုကို ပြတယ်၊ အုပ်ချုပ်မှု တရားဥပဒေစိုးမိုးမှု ပေါ့လျော့တယ်လို့ ထင်တယ်၊ အဲ့ဒီအတွက်ကြောင့် တရားရုံးရဲ့အမိန့်ကလည်းပဲ စံပြအနေနဲ့ အခုက နောင်ကျဉ်ဟန့်တားလောက်စေတဲ့ အပြစ်ပေးမှုမျိုးနဲ့ ပေးတဲ့သဘော” ဟု ဦးခင်မောင်ဇော်က မဇ္ဈိမသို့ပြောသည်။

ယခုမြို့နယ်မှ ပြစ်ဒဏ်ချမှတ်ခြင်းဖြစ်သည့်အတွက် တစ်လအတွင်း ခရိုင်သို့ အယူခံဝင်မည်ဟု ပြောကြားသည်။

ဦးသာချိုသည် ပျဉ်းမနားမြို့နယ် NLD တွဲဖက်အတွင်းရေးမှူးဖြစ်သော်လည်း ယခုကဲ့သို့ ဆန္ဒဖော်ထုတ်ခြင်းသည် ပါတီအကျိုးအတွက် ဆောင်ရွက်ခြင်းမဟုတ်ဘဲ ပြည်သူတို့ ဆန္ဒဖော်ထုတ်ရာတွင် ထိန်းကွပ်ထားသကဲ့သို့ ရှိနေသည့် ပုဒ်မ ၁၈ အား ဖျက်သိမ်းပေးရန်နှင့် နေပြည်တော်ကောင်စီအား ရွေးချယ်ခံကိုယ်စားလှယ်တို့ဖြင့် ဖွဲ့စည်းပေးရန် ဆန္ဒပြစဉ်က မီဒီယာများသို့ပြောကြားခဲ့သည်။

No comments: