Friday, October 3, 2014

နည်းဥပ​ဒေ အထွက်​နှေးသဖြင့် ပြဋ္ဌာန်းပြီးဥပ​ဒေများ လက်​တွေ့တွင် အသုံးမဝင်ဟု ဘားအံအမတ် ​ဝေဖန်

စိုးသန်းလင်း

လွှတ်​တော်များသည် ပြည်သူ့အကျိုးအတွက် ဥပ​ဒေအမျိုးမျိုးကို အချိန်ကိုက် ပြဋ္ဌာန်းရန် ကြိုးပမ်းခဲ့​သော်လည်း နည်းဥပ​ဒေများမှာ အထွက် ​နှောင့်​နှေး​နေသဖြင့် ပြည်သူတို့မှာ ဥပ​ဒေကို အသုံးမချနိုင်၊ ဥပ​ဒေက ကာကွယ်​ပေးထားသည့် အခွင့်အ​ရေးများလည်း ဆုံးရှုံး​နေသည်ဟု ဘားအံလွှတ်​တော်အမတ် ​ဒေါ်နန်း​စေအွာက ​ဝေဖန်လိုက်သည်။

အသင်းအဖွဲ့ဥပ​ဒေ၊ ​တောင်သူလယ်သမား အခွင့်အ​ရေးနှင့် အကျိုးစီးပွား မြင့်တင်​ရေး ဥပ​ဒေများမှာ ပြည်​ထောင်စု လွှတ်​တော်မှ ပြဋ္ဌန်းပြီးဖြစ်သည်မှာ တစ်နှစ်​ကြာပြီဖြစ်​သော်လည်း နည်းဥပ​ဒေ ထွက်မလာ​သေးခြင်း​ကြောင့် နည်းဥပ​ဒေ ထွက်ရှိလာရန် ​အောက်တိုဘာ ၂ ရက် လွှတ်​တော်တွင် ​မေးမြန်းခဲ့ခြင်းဟုလည်း သူကဆိုသည်။

“တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေဆိုရင် ပြဋ္ဌာန်းထားတာ တစ်နှစ်ရှိပေမယ့် နည်းဥပဒေ ထွက်မလာသေးလို့ ဒီဥပဒေက အသုံးချလို့ မရသေးဘူး” ဟု ​ဒေါ်နန်း​စေအွာက ​ထောက်ပြ ​ပြောဆိုသည်။

နည်းဥပ​ဒေများ အမြန်ထုတ်​ပြန်​ပေးရန် ရှိမရှိ ​ဒေါ်နန်း​စေအွာ၏ ​မေးခွန်းကို ပြည်​ထောင်စု ​ရှေ့​နေချုပ်ရုံး ဒုတိယ​ရှေ့​နေချုပ် ဦးထွန်းထွန်းဦးက ​ဖြေကြားရာတွင် နည်းဥပ​ဒေ ထုတ်ပြန်ရန် မလိုအပ်ဘဲ အချို့ဥပ​ဒေများကိုအသုံးပြုနိုင်ပြီဟု ​ဖြေကြားသွားသည်။

“၁၉၇၃ ခုနှစ် စကားရပ်များ အဓိပ္ပါယ်​​ဖွင့်ဆိုရေး ဥပဒေပုဒ်မ ၁၃ (ခ) မှာ ဥပဒေတစ်ရပ်ရပ်၌ ယင်းဥပဒေ အာဏာတည်သည့် နေ့ရက်ကို အတိအကျ ပြဌာန်းထားခြင်း မရှိလျှင် ထုတ်ပြန်ကြေညာသည့် ​နေ့ရက်တွင်စတင် အာဏာတည်ကြောင်း ပြဌာန်းထားပါတယ်၊ သို့ဖြစ်ရာ ဥပဒေတစ်ရပ်အတွက် နည်းဥပဒေ ထုတ်ပြန်ခြင်းမရှိစေကာမူ အာဏာတည်သဖြင့် ဥပဒေပါပြဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြောင်းတွေ့ရှိရပါတယ်” ဟု ​ဖြေကြားခဲ့သည်။

ပြည်သူ့လွှတ်​တော်ဥက္ကဋ္ဌ ဦး​ရွှေမန်းကလည်း ​ဒေါ်နန်း​စေအွာ ​မေးမြန်းခဲ့သည့် ​တောင်သူလယ်သမား အကျိုးမြင့်တင်​ရေး နည်းဥပ​ဒေ ထွက်မလာ​သေးသည်ကို ထပ်ဆင့်​မေးခွန်းထုတ်ခဲ့သည်။

“ဒေါ်နန်းစေအွာပြောတဲ့ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနဲ့  အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ လွှတ်တော်က ပြဌာန်းထားခဲ့တယ်၊ ဒီနေ့အထိ နည်းဥပဒေ မထွက်လာသေးဘူး၊ ဒါကို ဖြေနိုင်ရင် ဖြေပါ” ဟု ဦး​ရွှေမန်းက ​မေးခွန်းထုတ်ခဲ့သည်။

ဦး​ရွှေမန်းနှင့်​ ​ဒေါ်နန်း​စေအွာတို့၏ ​မေးခွန်းထုတ်မှုကို လယ်ယာ စိုက်ပျိုး​ရေးနှင့် ဆည်​မြောင်းဝန်ကြီးဌာန ဦးအုန်းသန်းက ​သမ္မတ လက်မှတ်ထိုးနိုင်ရန် ​ပေးပို့ပြီးဖြစ်သည်ဟု ​ဖြေကြားခဲ့သည်။

ဒေါ်နန်း​စေအွာက “နည်းဥပဒေမထွက်ဘဲ သုံးလို့ ရတဲ့ ဥပဒေတွေ၊ ဘယ်ဥပဒေကတော့ နည်းဥပဒေလိုပြီး ဘယ်ဟာတွေကတော့ နည်းဥပဒေ မလိုဘူး ဆိုတာမျိုးတွေ ထွက်သမျှ ဥပဒေအားလုံးနဲ့ ပတ်သက်ပြီး တစ်ခုချင်း သိထားဖို့  လိုအပ်နေပါတယ်” ဟု ဖြည့်စွက် ​ပြောကြားခဲ့သည်။

No comments: