နိရဉ္စရာ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မူရွင်းရွာတွင် ဘုန်းတော်ကြီးကျောင်း အငြင်းပွားမူကြောင့် ရွာသား (၅) ဦးကို ထောင် ၆ လစီ အသီးသီးချမှတ်လိုက်သည်ဟု သိရသည်။
ထောင်ချခံရသူများမှာ မူရွင်းရွာ မြောက်ကျောင်းကို ကိုးကွယ်သူ ဦးစံချစ်၊ ဦးကျော်မောင်ဦး၊ ဦးမောင်တင်ဆွေ၊ ဦးစောဝင်းနှင့် ဦးမောင်သန့်ဇော်တို့ ဖြစ်ကြသည်။
သူတို့အား ကျောက်ဖြူမြို့နယ် တရားရုံးမှ ပိုင်နက်ကျူးလွန်မူ၊ အာဏာဖီဆန်မူစသည့် ပုဒ်မ ၄၅၃/ ၄၂၇/ ၄၄၇ တို့ဖြင့် ချမှတ်လိုက်သည်ဟု မူရွင်းရွာသား ဦးစောမင်းသိန်းက ပြောသည်။
သူတို့အား ရခိုင်ပြည်နယ် သာသနာရေး ဦးစီးမှူး ဦးသောင်းရွှေမှ တရားလိုပြုလုပ်ပြီး အမူဖွင့်တိုင်ကြားရာမှ ယခုလို ထောင်ချခံရသည်ဟု ပြောသည်။
ယင်းထောင်ချခံရသူများသည် သာသနာရေး ၀န်ကြီးဌာနမှ ချိတ်ပိတ်ထားသော မူရွင်းရွာရှိ မြောက်ကျောင်းကို ဆရာတော်များ၏ အကူအညီကို ယူပြီး ပြန်လည် ပြုပြင် သန့်ရှင်းရန် ဖွင့်ရာမှ ယခုလို တရားစွဲ ထောင်ချခံရသည်ဟု ဆိုသည်။
ရွာသူ တစ်ဦးဖြစ်သူ မခင်မာရွှေကမူ သူမ၏ ဘ၀ သက်တမ်းတစ်လျှောက်တွင် လူသတ်မူ၊ ဓါးပြမူ မဟုတ်ဘဲ ဘုန်းကြီးကျောင်း အငြင်းပွားမူကြောင့် ထောင်ချခံရသည်ဟု မကြားဖူးကြောင်း ပြောဆိုသည်။
ဒေသခံ ကျောင်းဆရာ ဦးစံလှကမူ ယခု ထောင်ချမူသည် လွတ်လပ်စွာကိုးကွယ်ခွင့်ကို ချိုးဖေါက်ရာရောက်သည်ဟု ဆိုသည်။
မူရွင်းရွာမှာ အိမ်ခြေ (၆၀၀) နီးပါးရှိပြီး တောင်ကျောင်းကို လူအများစုက ကိုးကွယ်ပြီး မြောက်ကျောင်းကိုမူ လူနည်းစုက ကိုးကွယ်သည်ဟု သိရသည်။ ယင်းရွာ၏ စည်းလုံးမူကို ဘုန်းကြီးကျောင်းများကြောင့် စိတ်ဝမ်းကွဲစေသည်ဟု ဆိုကာ ကျောင်းပေါင်းရန်ကြိုးစားကြရာမှ မြောက်ပိုင်းကျောင်းကို ၂၀၀၇ ခုနှစ်အတွင်း ချိတ်ပိတ်ခံခဲ့ရသည်ဟု မြောက်ပိုင်းကျောင်း သာသနာပိုင် ၀ညောင် ပရ၀နာဂိုဏ်းမှ ဆရာတော် စက္ကိန္ဒက ပြောသည်။
ယခုကဲ့သို့ ကျောင်းအငြင်းပွားမူကြောင့် ရွာသား (၅) ဦးအား ထောင်ချခြင်း အပေါ် မကျေနပ်သော ရဟန်းတော်များနှင့် ရွာသားများက ၀ါကျွတ်လပြည့်ကျော် (၂) ရက်နေ့တွင် ကျောက်ဖြူမြို့တွင် ဆန္ဒဖေါ်ထုတ် ကန့်ကွက်သွားမည်ဟု သိရသည်။
No comments:
Post a Comment