စံမောင်သန်း
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) မှ တာဝန်ရှိသူများသည် စစ်တွေမြို့တွင် စက်တင်ဘာလ (၂၉) ရက်နေ့က မီဒီယာ သမားများနှင့် တွေ့ဆုံပွဲ တစ်ခု ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံနှင့် ရခိုင်ပြည်နယ်တွင် တာဝန်ယူဆောင်ရွက်နေသော လုပ်ဆောင် ချက်များကို ရခိုင်ပြည်သူများ အကြား ထင်သာမြင်သာမှုရှိစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့တာဝန်ရှိသူများက ဆိုသည်။
ယင်းတွေ့ဆုံပွဲသို့ ရခိုင်ပြည်နယ်တာဝန်ခံ Enrique Ochoe Fernadez-Lomana အပါအ၀င် ICRC ရန်ကုန်ရုံး ပြန်ကြားရေးနှင့် ညှိနှိုင်းရေးမှူး နှင့် မြန်မာနိုင်ငံသား ICRC ၀န်ထမ်း သုံးဦးပါဝင်သော အဖွဲ့တစ်ခုတို့ တက်ရောက်ခဲ့သည်။
ယင်းတွေ့ဆုံပွဲအား ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ Strand Hotel ၌ ပြုလုပ်ခဲ့သည်။
စစ်တွေအခြေစိုက်သတင်းမီဒီယာများမှ သတင်းထောက် (၁၀) ကျော်ခန့် တက်ရောက်ပြီး သိလိုသည့် အချက်များကို မေးမြန်းရာ ICRC အရာရှိများမှ ဘာသာပြန်မှတဆင့် ဖြေကြားခဲ့သည်။
“ ICRC ဟာ ၂၀၁၂-ခုနှစ် ရခိုင် ဘင်္ဂလီ အရေးအခင်းနောက်ပိုင်းမှာမှ ၀င်ရောက်လုပ်ကိုင်တာကို တွေ့ရတယ်။ အရင်တုန်းက ရခိုင်ပြည်မှာ သဘာဝဘေးဒဏ်တွေ အများကြီးကျရောက်ခဲ့တယ်။ အဲဒီတုန်းက ဘာကြောင့် လာရောက်မကူညီဘာသလဲ” ဟု သတင်းစာဆရာ ဆရာကျွန်းသား ငမန်းအမေးကို ICRC မှ ယခုလို ဖြေကြားသည်။
“ICRC ဟာ သဘာဝဘေးဒဏ်ကျရောက်တဲ့အခါမှာ တိုက်ရိုက်လုပ်ကိုင်ခြင်းထက် အဲ့ဒီနိုင်ငံက ကျန်းမာရေးဌာနနဲ့ ကြက်ခြေနီအဖွဲ့ကတဆင့် ကူညီလုပ်ကိုင်ခဲ့တာတွေလည်းရှိပါတယ်။ ရခိုင်ပြည်နယ်မှာ သဘာဝဘေးဒဏ်ကျရောက်တုန်းကလည်း မြန်မာနိုင်ငံကြက်ခြေနီက တဆင့်ကူညီ လုပ်ကိုင်ခဲ့ပါတယ်” ဟု ဖြေရှင်းချက်ပေးခဲ့သည်။
ICRC အဖွဲ့သည် INGO အဖွဲ့တစ်ခုမဟုတ်သည့်အပြင် UN သြဇာနှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ သြဇာကိုခံယူသည့်အဖွဲ့တခုမဟုတ်ကြောင်း၊ သို့သော် သက်ဆိုင်ရာနိုင်ငံအစိုးရ၏ ခွင့်ပြုချက်ကို ရယူပြီး ယင်းနိုင်ငံ၏ ဥပဒေအောက်၌လုပ်ဆောင်ကာ မြန်မာနိုင်ငံအပါအ၀င် ICRC အဖွဲ့ဝင်နိုင်ငံပေါင်း ၁၈၉-နိုင်ငံ၌ ကြက်ခြေနီအသင်း ၁၈၉-ခုရှိသည်ဟုဆိုသည်။
ICRC အဖွဲ့ကို ၁၈၆၃-ခုနှစ်တွင် စတင်ဖွဲ့လှုပ်ရှားခဲ့သော်လည်း ၁၉၈၆-ခုနှစ်တွင်မှ မြန်မာနိုင်ငံတွင် စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ကြောင်း ရှင်းပြောကြားပါသည်။
ICRC အနေဖြင့် ရခိုင်ပြည်သူတို့၏ ဆန္ဒသဘောထားကို လိုက်နာအသိအမှတ်ပြုသည့်အနေဖြင့် ဘင်္ဂလီများနှင့်ပတ်သက်၍ အသုံးအနှုန်းကို သုံးနှုန်းရာ၌ ရိုဟင်ဂျာဟု မသုံးသလို၊ ဘင်္ဂလီဟုလည်း မသုံးကြောင်း၊ မူဆလင်လူမှုအဖွဲ့အစည်းဟုသာ သုံးနှုန်းကြောင်း ICRC ရခိုင်ပြည်နယ်တာဝန်ခံ Enrique Ochoe Fernadez-Lomana က ၄င်းတို့၏ ရပ်တည်ချက်ကို ရှင်းလင်းပြောကြားသည်။
ICRC သည် ရခိုင်ပြည်နယ်၌ မြောက်ဦးမြို့၊ စစ်တွေမြို့၌ ရုံးစိုက်ပြီးလုပ်ကိုင်ဆောင်ရွက်နေသည့်အပြင် မြန်မာနိုင်ငံရှိ ရန်ကုန်၊ မန္တလေးနှင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ကရင်ပြည်နယ် ဖားအံမြို့များ၌ ရုံးစိုက်၍ လုပ်ကိုင်နေသည်ဟုဆိုသည်။
ICRC ၏ အဓိကထားလုပ်ဆောင်နေသော လုပ်ငန်းများမှာ ဆေးဝါးများကူညီပေးခြင်း၊ ကျန်းမာရေး ၀န်ထမ်းများကို သင်တန်းပို့ချပေးခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို လုပ်ဆောင်ခြင်း၊ ထောင်တွင်း အကျဉ်းသားများ ကူညီစောင့်ရှောက်ခြင်းနှင့် အကျဉ်းကျသူများနှင့် ၄င်းတို့မိသားစုများ အကြား တွေ့ဆုံနိုင်အောင် စီစဉ်ပေးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်ဟု ဆိုပါသည်။
မြန်မာနိုင်ငံ၌ အခြားနေရာများ၌ ရုံးစိုက်၍ လုပ်ကိုင်နေစေကာမူ ရခိုင်ပြည်နယ်၌ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အဓိကဦးစားလုပ်ဆောင်နေသည်ဟု ဆိုပါသည်။ ရခိုင်ရွာများနှင့် မူဆလင်ရွာများကို နှိုင်းယှဉ်ကြည့်လျင် မူဆလင်ရွာများတွင် လူဦးရေပိုများကြောင်း၊ သို့သော် ICRC အနေဖြင့် လူဦးရေကို အခြေခံပြီး ကူညီနေခြင်းမဟုတ်ကြောင်း ရှင်းလင်းပြောကြားပါသည်။
ယခင်ရခိုင်ပြည်နယ်၌ မည်သည့်နေရာ၌ မည်သည့်ကာလက မည်သည့်အလုပ်ကို လုပ်ကိုင်ခဲ့သည် ကိုလည်း ထင်သာမြင်သာရှိအောင် ရခိုင်ပြည်နယ်အစိုးရကို အသေးစိပ်တင်ပြခဲ့ပြီဖြစ်ကြောင်း၊ မီဒီယာများသို့လည်း ယင်းအချက်အလက်များကို ဖြန့်ဝေပေးသွားမည်ဟု ဂတိပေးပြောကြား သွားသည်။
ရခိုင်ပြည်နယ်၌ မကြာသေးခင်က ဖြစ်ပွားခဲ့သော ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ် တားဆီးရေးလုပ်ငန်းများတွင် ပြည်နယ်ကျန်းမာရေးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရက အကူအညီပေးရန် တောင်းဆိုလာပါက ၀င်ရောက်ကူညီပေးသွားမည်ဟုလည်း ICRC ရခိုင်ပြည်နယ်တာဝန်ခံ Enrique Ochoe Fernadez-Lomana က ပြောကြားသွားသည်။
ဤကဲ့သို့ မီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲကို ရန်ကုန်၌တစ်ကြိမ် လုပ်ပေးဖူးကြောင်း၊ လာမည့် နိုဝင်ဘာလတွင်လည်း ရန်ကုန်၌ နောက်ထပ် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတစ်ခုကို စီစဉ်ြ ပုလုပ်ပေးသွားမည်ဖြစ်ပြီး စိတ်ဝင်စားသူများအနေဖြင့် ဆက်သွယ်တက်ရောက်နိုင်ကြောင်းနှင့်၊ ရခိုင်မီဒီယာများအနေဖြင့် သီးသန့်တွေ့ဆုံချင်ပါကလည်း လာမည့်ဒီဇင်္ဘာလလောက်တွင် တွေ့ဆုံနိုင်အောင် စီစဉ်ပေးသွားနိုင်ဖွယ်ရှိသည်ဟု ICRC ရန်ကုန်အခြေစိုက်ရုံးမှ ပြန်ကြားရေးနှင့် ညှိနှိုင်းရေးမှူး မစ္စတာအိုဘရိုင်ယန်က ပြောကြားသွားသည်။
တွေ့ဆုံပွဲကို နေ့လည် ၃-နာရီခွဲမှ ညနေ ၆-နာရီထိ ပြုလုပ်ခဲ့သည်။
No comments:
Post a Comment