ဖနိဒါ
ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA နှင့် အစိုးရတပ်တို့ အောက်တိုဘာ ၂ ရက် နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု SSPP တိုင်းရင်းသားရေးရာဌာန ဒုတိယတာဝန်ခံ ဗိုလ်မှူးကြီး ပိန်ဖက မဇ္ဈိမကိုပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ် တာဖာဆောင်ဒေသတွင် နံနက် ၅ နာရီ ဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။
“နှစ်နေရာလောက်ပေါ့။ ပန်ကျေနဲ့ တာဖာဆောင်မှာ နှစ်နေရာ လာတိုက်တယ်။ မနက်က သတင်းပေးပို့ချက်အရတော့ တိုက်ပွဲဖြစ်နေတုန်းပဲ” ဟု ဗိုလ်မှူးကြီး ပိန်ဖက ပြောသည်။
ကျေးသီးမြို့နယ်၏ မြောက်ဘက် တာဖာဆောင်ဒေသနှင့် အရှေ့ဘက် ပန်ကျေဒေသ နှစ်နေရာတွင် SSPP တပ်ဖွဲ့များနှင့် အစိုးရဘက်မှ တပ်ရင်း ၂၄၇ နှင့် ၂၄၈ တပ်ဖွဲ့တို့နှင့် တိုက်ပွဲ ဖြစ်ပွားနေသည်ဟု သူက ပြောသည်။
ပြီးခဲ့သည့် နှစ်ရက်က လားရှိုး တန့်ယန်းနှင့် မိုးညဲမြို့နယ် ကျိန်းသောင်းဒေသဘက်မှ အစိုးရ စစ်ဗျူဟာ ၅ ခုမှ အင်အား ၁၀၀၀ ခန့် တိုးမြင့်ချလာသဖြင့် တိုက်ပွဲ စတင်ဖြစ်ပွားခြင်းဟုလည်း ပြောသည်။
ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဗိုလ်ချုပ်ကြီး စိုးဝင်း၏ အမိန့်အရ အောက်တိုဘာလ ၁ ရက် နောက်ဆုံးထားပြီး SSPP ကို တာဖာဆောင်စခန်းမှ ဆုတ်ခွာပေးရန်နှင့် ဆုတ်ခွာပေး၊ မပေး အကြောင်းပြန်ရန် အကြောင်းကြားခဲ့ပြီးနောက် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကြီး ပိန်ဖက ဆက်ပြောသည်။
“ဗိုလ်ချုပ်စိုးဝင်းက အစည်းအဝေးပွဲမှာလည်း ပြောတယ်။ ခုက ရုပ်လုံးပေါ်လာတာပဲ။ ငြိမ်းချမ်းရေးကို မဆွေးနွေးချင်တဲ့ သဘောလားတော့ မသိဘူး။ စစ်ဘက်က အရှိန်မြင့်လာတယ်။ လွန်ခဲ့တဲ့ လေး၊ ငါးရက်က တစ်ပတ်မပြည့်သေးဘူး။ ဒီနေရာကနေ ရက်စ်ယူမလား။ နိုးယူမလားဆိုတဲ့သဘောပေါ့”ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ မှ ၂၆ ရက်ထိ ရန်ကုန်မြို့တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေးကော်မတီ UWPC တို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခြင်းဖြစ်ပြီး အစိုးရဘက်မှ ဖိအားပေးလာခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကြီး ပိန်ဖက ပြောသည်။
အောက်တိုဘာလ ၂ ရက်မှ ၄ ရက်အထိ ရှမ်းတိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် ရှမ်းလက်နက်ကိုင် အဖွဲ့အစည်းများတို့၏ တွေ့ဆုံ ဆွေးနွေးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပနေပြီး ထိုဆွေးနွေးပွဲသို့ SSPP/SSA မှ နယက ဗိုလ်ချုပ် ဆေထင် တက်ရောက် ဆွေးနွေးနေသည်
No comments:
Post a Comment