Sunday, November 23, 2014

နှစ်နှစ်အတွင်း ဝန်ကြီးဌာနများမှ တင်ဒါ ၂,၀၀၀ ကျော် ခေါ်ယူခဲ့ပြီး လုပ်ငန်းကြီးများ အများဆုံးယှဉ်ပြိုင်ခဲ့

သီဟကိုကို

နှစ်နှစ်အတွင်း အစိုးရဝန်ကြီးဌာနများမှ တင်ဒါ ၂,၀၀၀ ကျော် ခေါ်ယူခဲ့ပြီး လုပ်ငန်းကြီးမားသည့် စီးပွားရေး လုပ်ငန်းများ အများဆုံး ပါဝင် လျှောက်ထားခဲ့သည်ဟု စက်မှုဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသည့် နိုင်ငံတကာအခြေစိုက် စီးပွားရေးဝန်ဆောင်မှု အဖွဲ့အစည်းဖြစ်သည့် Building Markets ၏ သုတေသန သုံးသပ်ချက်၌ ဖော်ပြထားသည်။

အစိုးရဝန်ကြီးဌာနများ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ပုဂ္ဂလိက ကဏ္ဍ၊ နိုင်ငံခြားသံရုံးများမှ တင်ဒါ ၂,၂၀၀ ကျော် ခေါ်ယူ ခဲ့ရာတွင် အစိုးရဝန်ကြီးဌာနများမှ ၉၄ ရာခိုင်နှုန်း ပါဝင်တင်ဒါ ခေါ်ယူခဲ့သည်။

မြန်မာနိုင်ငံအစိုးရ၏ ဝန်ကြီးဌာနများတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တင်ဒါအများဆုံးခေါ်ယူခဲ့ပြီး ကျန်းမာရေး၊ လျှပ်စစ်စွမ်းအား၊ စက်မှု၊ သိပ္ပံနှင့်နည်းပညာ၊ ရထားပို့ဆောင်ရေး၊ စွမ်းအင်၊ လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်းစသည့် ဝန်ကြီးဌာနများမှလည်း တင်ဒါအများအပြား ခေါ်ယူခဲ့သည်။

ခေါ်ယူခဲ့သည့် တင်ဒါအမျိုးအစားများတွင် ဆောက်လုပ်ရေး လုပ်ငန်းအမျိုးအစား တင်ဒါ ၁,၀၀၀ ကျော်ကို အများဆုံးခေါ်ယူခဲ့ပြီး မော်တော်ယာဉ်၊ ဆေးဝါး၊ ကုန်ထုတ်လုပ်မှု၊ နည်းပညာ စသည့်လုပ်ငန်းတင်ဒါများကို ခေါ်ယူခဲ့သည်။

အဆိုပါတင်ဒါများကို လုပ်ငန်းပမာဏကြီးမားသည့် စီးပွားရေးလုပ်ငန်းများမှ ၆၀ ရာခိုင်နှုန်းကျော် တင်ဒါဝင် ပြိုင်ခဲ့ပြီး အလတ်စားလုပ်ငန်းများက ၃၀ ရာခိုင်နှုန်းကျော်၊ အသေးစားလုပ်ငန်းများက ၂၀ ရာခိုင်နှုန်းကျော် နှင့် Micro လုပ်ငန်းများလည်း တင်ဒါဝင်ပြိုင်ခဲ့သည်။

တင်ဒါအောင်မြင်မှုတွင် လုပ်ငန်းကြီးများသည် တင်ဒါအောင်မြင်မှုနှုန်း ၂၀ ရာခိုင်နှုန်းကျော်ရှိပြီး အလတ် စားနှင့် အသေးစားလုပ်ငန်းများမှာ တင်ဒါအောင်မြင်မှုနှုန်း ၁၀ ရာခိုင်နှုန်းခန့်ရှိသည်။

အထက်ပါသုံးသပ်ချက်များကို သုတေသနဆောင်ရွက်ခဲ့သူ Building Market မှ Jared Bissinger က “အကြီးစားလုပ်ငန်းတွေက တင်ဒါဝင်ပြိုင်တာ များပြားပေမယ့်လည်း တင်ဒါအောင်မြင်မှုနှုန်းက အလတ် စားနဲ့ အသေးစားလုပ်ငန်းတွေနဲ့ သိပ်မကွာပါဘူး”ဟု ပြောသည်။

တင်ဒါပေါင်း ၂,၀၀၀ ကျော်တွင် ဆောက်လုပ်ရေးလုပ်ငန်းမှာ ၁,၀၀၀ ကျော် ပါဝင်လျက်ရှိပြီး မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေးကုမ္ပဏီမှ ၂၀၀ ကျော်သာရှိသည့် အတွက် အခွင့်အလမ်းအကောင်းဆုံး လုပ်ငန်းတစ်ခုအဖြစ် သတ်မှတ်ထားသည်။

No comments:

Post a Comment