Monday, November 24, 2014

ရော်ဘာတင်ပို့မှု ယခင်နှစ်ထက် ကျဆင်းနေ

သိမ့်သဉ္ဇာဇင်

ယခု ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ခုနစ်လ အတွင်း (ဧပြီ ၁ ရက်မှ အောက်တိုဘာ ၃၁ ရက်) အထိ ပြည်ပသို့ ရော်ဘာတင်ပို့မှုမှာ ယခင် ဘဏ္ဍာနှစ်ထက် ကန်ဒေါ်လာ ၄၃ သန်းကျော် ကျဆင်းနေသည်ဟု မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများ အသင်း အတွင်းရေးမှူး ဦးခိုင်မြင့်က ပြောသည်။

၂၀၁၃-၁၄ ဘဏ္ဍာနှစ် ခုနစ်လအတွင်း ယခုဘဏ္ဍာနှစ်အတွင်း ရော်ဘာ ၃၀,၂၃၈ ဒသမ ၃၂၁ တန် တင်ပို့နိုင်ခဲ့ပြီး ကန်ဒေါ်လာ ၄၈ ဒသမ ၅၅၂ သန်းသာရရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ရော်ဘာစိမ်း အရည်အသွေး ထိန်းသိမ်းနိုင်မှု မရှိခြင်းကြောင့် လက်ရှိကမ္ဘာ့ရော်ဘာ ဈေးမှာတစ်တန်လျှင် ကန်ဒေါ်လာ ၁,၇၀၀ ဝန်းကျင်ဈေး ရှိသော်လည်း မြန်မာ့ရော်ဘာဈေးမှာ တစ်တန်လျှင် ကန်ဒေါ်လာ ၁,၃၀၀ သာရရှိပြီး ဈေးနှုန်းကျဆင်းနေခြင်းဖြစ်သည်ဟု ဆိုသည်။

“ပြည်ပကိုပို့တဲ့ရော်ဘာတွေ ဈေးကောင်းမရတာက အရည်အသွေးမပြည့်မီလို့ ဖြစ်ရတာ။ ဂျပန်နဲ့ စိုက်ပျိုး ထုတ်လုပ်မှုအပိုင်းမှာ ပူးပေါင်းပြီး လုပ်နေပေမယ့် ရော်ဘာခြံအားလုံးကို စည်းရုံးရေးမဆင်းနိုင်သေးဘူး” ဟု ၎င်းက ဆက်ပြောသည်။

ကမ္ဘာ့ရော်ဘာ ပေါက်ဈေးသည်လည်း အတက်ဘက် မသွားဘဲ အကျဘက်သာ ရောက်ရှိကာ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်း ရော်ဘာ တန်ချိန် တစ်သိန်းကျော်အထိ ပြည်ပတင်ပို့ရန် လျာထားပြီး လက်ရှိဘဏ္ဍာ နှစ် ခုနစ်လအတွင်း ပြည်ပသို့ ရော်ဘာ မက်ထရစ်တန်ချိန် ၃၀,၀၀၀ ကျော်သာ တင်ပို့ထားနိုင်သည်။

“ဒီနှစ် တန်ချိန် တစ်သိန်းကျော် မှန်းထားပေမယ့် မရနိုင်ဘူး။ တင်ပို့မှုက လျော့ကျနေတယ်။ ဒါပေမဲ့ နယ်စပ်ကနေ မှောင်ခိုတင်ပို့တာ တစ်ရက်ကို တန် ၄၀,၀၀၀ ကျော် ရှိတယ်” ဟု ဦးခိုင်မြင့်က ဆိုသည်။

No comments: