ခင်မြတ်မြတ်ဝေ
ဂျော်ဒန်နိုင်ငံသို့ တရားဝင် အထောက်အထားမပါဘဲ သွားရန်ကြိုးစား၍ ပွဲစားနှင့်အတူ ရန်ကုန်လေဆိပ်တွင် ထိန်းသိမ်းခံခဲ့ရသည့် အမျိုးသမီး ၁၆ ဦးကို ထိုင်းနိုင်ငံရှိ အထည်ချုပ်စက်ရုံ၌ လာမည့်အပတ်အတွင်း တရားဝင် အလုပ်သွားလုပ်ရန် ပြင်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ အမှုဆောင်အဖွဲ့ဝင် ဦးထွန်းမင်းလတ်က မဇ္ဈိမကို ပြောသည်။
"သူတို့တွေ ရှေ့အပတ်ထဲမှာ ထိုင်းကိုသွားမယ်။ အခုသွားဖို့အတွက် ဝန်ကြီးဌာနတွေ တင်တယ်။ အလုပ်သမားတွေနဲ့ သက်ဆိုင်ရာတွေ အကုန်လုံး ပြီးသလောက် ဖြစ်နေပြီ။ ၉၀ ရာခိုင်းနှုန်းလောက်ပြီးနေပြီ"ဟု ယင်းက ဆိုသည်။
၎င်းတို့ ၁၆ ဦးမှာ ထိုင်းနိုင်ငံရှိ HICOM အထည်ချုပ်စက်ရုံတွင် သွားရောက် အလုပ်လုပ်ကိုင်ရမည်ဖြစ်ပြီး အောက်တိုဘာ ၂၇ရက်က ထိုင်နိုင်ငံမှ အလုပ်ရှင်က ရန်ကင်းမြို့နယ် အလုပ်သမားဝန်ကြီးဌာန သင်တန်းကျောင်းတွင် လူတွေ့စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။
"ကျွန်မတို့က နိုဝင်ဘာ ၉ ရက်နေ့ ထွက်ရမယ်။ ပဲခူးက ကောင်မလေးနှစ်ယောက်က သူ့မိဘတွေက မသွားခိုင်လို့ပြန်သွားတယ်။ ဂျော်ဒန်ကို သွားတာလည်း တရားဝင်ခေါ်သွားတယ်ပဲ ထင်ခဲ့တာပါ။ လေဆိပ်ရောက်မှ တရားမဝင်မှန်း ကျွန်မသိခဲ့ရတာပါ။ ခုတော့ ထိုင်းကို အလုပ်သမား ဝန်ကြီးဌာနနဲ့ ပြင်ပအေဂျင်စီအသင်းက လုပ်ပေးတော့ ကျွန်မတို့တွေအတွက် လုံခြုံစိတ်ချရတာပေါ့" ဟု ထိုင်းနိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်တော့မည့် မကွေးတိုင်မှ မနှင်းမာခိုင်က မဇ္ဈိမကို ပြောသည်။
အလုပ်သမား ၁၆ ဦးမှာ ထိုင်းနိုင်ငံတွင် အခြေခံလစာ တစ်နေ့လျှင် ဘတ် ၃၀၀ (မြန်မာငွေ ၉၀၀၀ ဝန်းကျင်) ရရှိမည်ဖြစ်ပြီး အချိန်ပိုကြေး တစ်နာရီလျှင် ဘတ် ၅၆ ဘတ် သတ်မှတ်၍ စာချုပ် နှစ်နှစ် ချုပ်ဆိုခဲ့သည်။
ယင်းအလုပ်သမားများနှင့် ပွဲစား (၃) ဦးသည် အောက်တိုဘာ (၂၅) ရက်က ဂျော်ဒန်နိုင်ငံသို့ တရားမဝင် သွားရောက်မည်ကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြည်ပထွက်ခွာဌာန၌ စစ်ဆေးတွေ့ရှိကာ ခေတ္တထိန်းသိမ်းခဲ့သည်။ ပွဲစားသုံးဦးကိုမူ ပြည်ပ အလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ ဖြင့် အောက်တိုဘာ ၂၅ ရက်က မင်္ဂလာဒုံ ရဲစခန်းတွင် အမှုဖွင့်ထားသည်ဟု မင်္ဂလာဒုံမြို့နယ် ရဲစခန်းမှ တာဝန်မှူးက မဇ္ဈိမကို ပြောသည်။
No comments:
Post a Comment