မင်းအောင်ခိုင်
လယ်မြေဧက ထောင်ပေါင်းများစွာကို အသုံးပြုလုပ်ကိုင်နေသော တိုက်ကြီးမြို့နယ်အတွင်း တရားမဝင် အုတ်ဖုတ် လုပ်ငန်းများ ကြီးထွားနေမှုတွင် ဒေသအတွင်းမှ သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပါဝင်ပတ်သက် နေသည်ဟု တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီမှ တိုက်ကြီးမြို့နယ် ဥက္ကဋ္ဌ ဦးမြင့်သိန်းက မဇ်္ဈိမကို ပြောသည်။
“လိုင်စင်မဲ့ အုတ်ဖုတ်လုပ်ငန်းတွေ ကြီးထွားနေရတာဟာ အဓိကဌာနဆိုင်ရာ တွေကြောင့်ပဲ။ တားစာ ထုတ်လိုက်၊ နို့တစ် စာပေးလိုက်နဲ့ အုတ်ဖုတ်ရာသီချိန် မကုန်ကုန်အောင် လုပ်နေတယ်။ ဘာမှအရေး မယူဘူး” ဟု ၎င်းက ပြောသည်။
အုတ်ဖုတ်ရာသီသည် နှစ်စဉ် နိုဝင်ဘာလမှ စတင်ကာ ဧပြီလအထိ ခြောက်လတာ လုပ်ကိုင်ကြပြီး တရားမဝင် အုတ်ဖုတ်လုပ်ငန်းများ များပြားနေမှုကြောင့် ဒေသအတွင်း လယ်မြေများပျက်စီးကာ အနီးအနားမှ ကျေးရွာသားများမှာလည်း အုတ်ဖိုများမှထွက်ရှိလာသော အနံ့အသက်များ ခံစားနေရသည်ဟု တိုက်ကြီးအခြေစိုက် နိုင်ငံရေးပါတီများက ပြောသည်။
အဆိုပါ အုတ်ဖုတ်လုပ်ငန်းများကို တိုက်ကြီးမြို့ပေါ် ရပ်ကွက်ရှစ်ခုအနက် ငါးရပ်ကွက်အပါအဝင် ယင်းမြို့နယ်အတွင်းရှိ ဂျိုးဖြူကျေးရွာအုပ်စုနှင့် ဆင်စခန်းကျေးရွာအုပ်စုတို့တွင် မြေတူးစက် ယန္တရားကြီးများ အသုံး ပြုကာ လယ်မြေ ဧက ၃,၀၀၀ ခန့်လုပ်ကိုင်လျက်ရှိကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ တိုက်ကြီးမြို့နယ် ဥက္ကဋ္ဌ ဦးနေဇာလင်းကပြောသည်။
အထက်ပါကိစ္စနှင့် ပတ်သက်၍ တိုက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှုး ဦးဇော်စိုးက “အကုန်လုံး တရားမဝင်တဲ့ လူတွေ မဟုတ်ဘူးဗျ။ တရားဝင် လုပ်ကိုင်နေတဲ့လူတွေလည်း ရှိတယ်။ အုတ်ဖိုတစ်ခုကို မှီခိုနေရတဲ့ မိသားစုဝင်တွေရဲ့ ဝမ်းရေးကလည်း ရှိသေးတယ်လေ။ တရားစွဲမယ့် အစား တရား ဝင်ဖြစ်အောင်လုပ်တာက မကောင်းဘူးလား။ မနှစ်က လူ ၄၀ လောက်ကို တရားစွဲခဲ့တယ်” ဟု ပြောသည်။
No comments:
Post a Comment