အောင်သူရထွန်း
နေပြည်တော်တွင် ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ အမေရိကန်သမ္မတ အိုးဘားမား အပြင် အာရှနှင့် အရှေ့တောင်အာရှထိပ်သီးခေါင်းဆောင်များ တက်ရောက်မည်ဖြစ်သည့်အတွက် လုံခြုံရေးအဝါရောင်အဆင့် သတ်မှတ်ကာ ရဲတပ်ဖွဲ့ဝင်အင်အား နှစ်သောင်းကျော်ဖြင့် လုံခြုံရေး အထူးဆောင်ရွက်နေကြောင်း ရဲမှူးကြီးဇော်ခင်အောင်က အတည်ပြု ပြောသည်။
ထိပ်သီးအစည်းဝေးလုံခြုံရေးအတွက် တာဝန်ယူဆောင်ရွက်နေသူ ရဲမှူးကြီးဇော်ခင်အောင်က “နေပြည်တော်နဲ့ စပ်ဆက်ခရိုင်တွေဖြစ်တဲ့ရမည်းသင်း၊ တောင်ကြီး၊ တောင်ငူ၊ မကွေးမြို့တွေပေါ့။ အဲ့ဒီနေရာတွေမှာရှိတဲ့ လုံခြုံရေးအင်းအားတွေ ပေါင်းလိုက်ရင် အင်အား ၂၀,၀၀၀ ဝန်းကျင်ခန့်နဲ့ ဆောင်ရွက်နေပါတယ်” ဟု မဇ္ဈိမသို့ တယ်လီဖုန်းမှတစ်ဆင့် ဖြေကြားသည်။
အင်အားတစ်သိန်းဝန်းကျင်ရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် ယခုကဲ့သို့ အင်အား ၂၀,၀၀၀ ၀န်းကျင် ချထားခြင်းသည် အင်အား၏ ၂၀ ရာခိုင်နှုန်းခန့် အသုံးပြုထားသည့် သဘောဖြစ်သည်။
လုံခြုံရေးဆောင်ရွက်မှုပုံစံအား အဆင့်သတ်မှတ်ချက်များအလိုက် အရောင်များဖြင့် ခွဲခြားသတ်မှတ်ထားပြီး မူလလုံခြုံရေး ဆောင်ရွက်မှုများထက်အဆင့်မြင့်တင်ထားပြီး လတ်တလော အခြေအနေတွင် လုံခြုံရေးအဆင့် ငါးဆင့်အနက် တတိယအဝါရောင် အဆင့် သတ်မှတ်ထားသည်ဟုလည်း ၎င်းက ပြောသည်။
နေပြည်တော်သို့ ဝင်ရောက်နိုင်သော အဝင်ဂိတ်ခြောက်ခုတွင်လည်း ပိတ်ဆို့ရှာဖွေရေးနှင့် ဝင်ရောက်လာသော ယာဉ်များအား Seating Planစစ်ဆေးခြင်း၊ ခရီးသည်များ မှတ်ပုံတင်စစ်ဆေးခြင်းများကိုလည်း အချိန်ပြည့်ဆောင်ရွက်နေကြောင်း ရဲမှူးကြီးက ဖြည့်စွက်ပြောသည်။
ထို့အပြင် နေပြည်တော်ကောင်စီနယ်မြေ ရှစ်မြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာများတွင်လည်း ဧည့်စာရင်းစစ်ဆေးခြင်း၊ ပိတ်ဆို့ရှာဖွေခြင်းနှင့်မ်ာတော်ဆိုင်ကယ်စီးနှင်းသူတို့ လူလိုင်စင်၊ ဆိုင်ကယ်လိုင်စင်များကိုပါ စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။
ရဲမှူးကြီးဇော်ခင်အောင်က “မြို့နယ်တွေမှာလဲ Surprise Check လုပ်တယ်၊ အဲ့ဒီနေရာတွေမှာကျတော့ ဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်း လိုင်စင် စတာတွေ စစ်တယ်၊ ရပ်ကွက်တွေမှာလဲ ဧည့်စာရင်းစစ်ဆေးတယ်၊ ပိတ်ဆို့ ရှာဖွေတာတွေလဲ လုပ်နေပါတယ်” ဟု မဇ္ဈိမကို ပြောသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နိုင်ငံဖြတ်ကျော်မူခင်းဌာန၊ ဌာနမှူး ရဲမှူးချုပ်စိုးမြိုင်ကလည်း ထိပ်သီးအစည်းအဝေးလုံခြုံရေးအတွက် အာဆီယံရဲတပ်ဖွဲ့၊ နိုင်ငံတကာ ရဲတပ်ဖွဲ့များဖြင့်လည်း ပူးပေါင်းဆောင်ရွက်နေသည်ဟု ပြောကြားထားသည်။
No comments:
Post a Comment