Sunday, November 23, 2014

ပြည်သူများအား ရင့်သီးစွာ မဆက်ဆံရန် ပြည်သူ့ ဆေးရုံကြီးရှိ သူနာပြုများကို သင်တန်းပေးထားဟုဆို

မျိုးသန့်

မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးရှိ သူနာပြုများသည် အများပြည်သူအား ရင့်သီးစွာ ဆက်ဆံခြင်း မပြုရန် ဆက်ဆံရမည့် နည်းစနစ်များကို သင်တန်းပေးထားပြီဖြစ်သည်ဟု အဆိုပါဆေးရုံကြီး ဆေးနှင့် လူမှုဆက်ဆံရေးအရာရှိ ဦးမင်းလွင်က မဇ္ဈိမကို ပြောသည်။

အဆိုပါဆေးရုံကြီးရှိ သူနာပြုများမှာ ဆေးဝါးလာရောက် ကုသသူများ၊ လူနာရှင်များနှင့် ပြဿနာဖြစ်ပွားမှု အချို့ရှိခဲ့ခြင်းကြောင့် မေးမြန်းရာတွင် ယခုကဲ့သို့ ဖြေ ကြားပေးခဲ့ခြင်းဖြစ်သည်။

“အများပြည်သူကို ဘယ်လိုဆက်ဆံရမယ်ဆိုတာ သင်တန်းပေးထားပြီး ဖြစ်တယ်။ ပြဿနာ ဖြစ်တယ်ဆိုရင်လည်း ဖြစ်စဉ်ပေါ် မူတည်ဆုံးဖြတ်ပြီး အရေးယူမှုတွေ လုပ်ပါတယ်” ဟု ၎င်းက ပြောသည်။

ဆေးရုံကြီးတွင် သူနာပြုအမျိုးအစား လေးမျိုးခွဲခြားထားရာတွင် အင်္ကျီအဖြူ၊ ထဘီအစိမ်း သူနာပြုဆရာမကြီး၊ အင်္ကျီ အဖြူ ထဘီအပြာ သူနာပြုဆရာမ၊ အင်္ကျီ အဖြူ၊ ထဘီအနီ သူနာပြုနှင့် အင်္ကျီအဖြူ၊ ထဘီ ကြက်သွေး သူနာပြုအကူစသည်ဖြင့် သတ်မှတ်ထားကာ အဆင့်အလိုက်သူနာပြုများ လိုက်နာရမည့် ဆက်ဆံရေးဆိုင်ရာများကို သင်ကြားပေးနေသည်။

“ဆေးရုံကြီးကို ပြည်သူတွေထဲက ဖုန်း ဆက်ရင် ယဉ်ကျေးစွာဖြေကြားဖို့အတွက် မှားကြားထားပါတယ်။ အကယ်၍ ကောင်းမွန်စွာ မဖြေရင်ချက်ချင်း ခေါ်ယူတွေ့ဆုံပြီး သတိပေးတာမျိုး လုပ်ပါတယ်” ဟု ၎င်းက ပြောသည်။

ထို့သို့သော လုပ်ဆောင်ချက်များကို လုပ်ဆောင်နေသည်ဟု ဆိုသော်လည်း မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် နယ်မှလာ ရောက်ကုသသော လူနာနှင့် လူနာရှင်များ၊ မြို့တွင်းရှိ လူနာနှင့် လူနာရှင်အချို့မှာ ဂရုမစိုက်ဘဲ အချိန်ကြာမြင့်စွာ ထားခံရခြင်း၊ ဆူပူကြိမ်းမောင်းခံရခြင်း၊ အပြန်အလှန် ပြောဆိုလျှင် ရင့်သီးစွာ ပြန်လည် ပြောဆိုရခြင်းများကို ကြုံတွေ့နေရဆဲဖြစ်သည်ဟု ဆိုသည်။

“ဈေးသက်သာတဲ့အတွက် ဆေးရုံကြီးကို သွားတက်တယ်။ ဒါပေမဲ့ သူနာပြု ဆရာမ တစ်ယောက်ကို လိုအပ်တဲ့ အကူအညီကို နှစ်ခါလောက် ပြောမိပါတယ်။ ဆူလိုက်တာမှ လွန်ရော။ ပြင်ပပုဂ္ဂလိက ဆေးခန်းမှာပဲ ကုသဖြစ်တော့တယ်။ ပိုက်ဆံမရှိတဲ့ သူတွေဆိုရင် ဒီလိုပဲ သည်းခံနေရတယ်။ ဒါတွေကို တိုင်ကြားဖို့ နေရာတစ်ခုတော့ ထားစေချင်တယ်” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ဦးဌေးတင့်က ပြောသည်။

မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် ဆေးနှင့် လူမှုဆက်ဆံရေးရုံးခန်းကို ထားရှိရာ ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများအကြား ပြဿနာဖြစ်ပွားပါက သွားရောက်အသိပေးနိုင်ပြီး အရေးယူဖြေရှင်းပေးမည် ဆိုသည်။

No comments: