ဇေယျာချမ်းအေး
ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှု ပြဿနာ၏ အကြောင်းရင်းတစ်ခုဖြစ်သော ကားတင်သွင်းခြင်း မူဝါဒကို ပြောင်းလဲရန် အစီအစဉ် မရှိသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အကြံပေး ပုဂ္ဂိုလ် ဒေါက်တာမောင်အောင်က မဇ္ဈိမကို ပြောသည်။
တစ်နိုင်ငံလုံး အတိုင်းအတာ မော်တော်ယာဉ် လိုအပ်ချက်နှင့် လူဦးရေအချိုးတို့မှာ နည်းပါးနေဆဲဖြစ်ခြင်းကြောင့် မူဝါဒကို ဆက်လက်ကျင့်သုံး သွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းလင်းသည်။
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကားအစီးရေ ခြောက်သိန်းခန့်ရှိပြီး ကုန်တင်ယာဉ် တစ်သိန်းခန့်နှင့် လူစီးယာဉ် ငါးသိန်းခန့်သာရှိပြီး လူဦးရေ ၁,၀၀၀ လျှင် ကားပိုင်ဆိုင်သူ ရှစ်ဦးခန့်သာရှိကြောင်း စီးပွား/ ကူးသန်း၏စာရင်းများအရ သိရသည်။
“ကားနဲ့ပတ်သက်တဲ့မူဝါဒ ပြောင်းဖို့မရှိသေးပါဘူး။ မူဝါဒကို ကြည့်တဲ့အခါ အများနဲ့ပဲ စဉ်းစားတယ်။ အာဆီယံမှာ မြန်မာက မြေပိုင်ဆိုင်မှု အကျယ်ဆုံးပဲ။ လူဦးရေလည်း အခု ၅၂ သန်းနဲ့ စဉ်းစားရင် လိုသေး တယ်။ ရန်ကုန်နဲ့ မန္တလေးမှာသာ ကားက နည်းနည်းရှိနေတာ။ တခြားမြို့တွေမှာဆိုရင် မရှိသေးဘူး”ဟု ဒေါက်တာမောင်အောင်က ဆိုသည်။
စီးပွား/ကူးသန်းဝန်ကြီးဌာနသည် ကားဟောင်းနှင့် ကားသစ်လဲသော မူဝါဒကို ၂၀၁၁ တွင် စတင်ကျင့်သုံး ခဲ့ပြီးနောက်ပိုင်း ဖရီးပါမစ် စနစ်ကို နောက်ပိုင်း၌ ပြောင်းလဲအသုံးပြုခဲ့သည်။
ထိုသို့ကားများ ဆက်တိုက်တင်သွင်းခဲ့မှုကြောင့် ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုမှာ ပိုမိုမြင့်တက် လာသည်ဟု နိုဝင်ဘာ ၁ ရက်က ပြုလုပ်ခဲ့သော အများပြည်သူသွားလာမှု အဆင်ပြေချောမွေ့စေရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင်သူများက ထည့်သွင်းဆွေးနွေး ခဲ့ကြသည်။
ကားသစ်တင်သွင်းခြင်း မူဝါဒနှင့် ပတ်သက်၍ မော်တော်ကားထုတ်လုပ်၊ တင် သွင်းဖြန့်ဖြူးရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက “မူဝါဒတွေ အပြောင်းအလဲမြန်တော့ တချို့ကိစ္စတွေမှာ လုပ်ငန်းရှင်တွေကို တော်တော်လေး ထိခိုက်ပါတယ်။ ယာဉ်ကြော ပိတ်ဆို့တာနဲ့ ပတ်သက်ပြီးတော့ ကားသစ်တင် သွင်းတာကို ခဏလောက် ဆိုင်းထားသင့်တယ်လို့ မြင်ပါတယ်”ဟု သုံးသပ်ထားသည်။
No comments:
Post a Comment