Friday, November 7, 2014

လိပ်ကျွန်းလူသတ်မှုအတွက် ဖမ်းဆီးခံ မြန်မာနှစ်ဦး အာမခံရရေး မြန်မာသံရုံး တာဝန်ယူမည်

ဟိန်းကိုစိုး

ထိုင်းနိုင်ငံတောင်ပိုင် စူရဌာနီ ခရိုင် လိပ်ကျွန်းတွင် ဗြိတိန်စုံတွဲ အသတ်ခံရမှုဖြင့် ဖမ်းဆီးခံထားရသော မြန်မာနှစ်ဦး အာမခံရရှိရေးအတွက် သံရုံးကသာ တာဝန်ယူ ဆောင်ရွက်သွားမည်ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က အောက်တိုဘာ ၂၆ တွင် မဇ္ဈိမကို ပြောသည်။

“ပိုက်ဆံအတွက် ကူညီမယ့် ထိုင်းဖက် သူဌေးတစ်ချို့ကူညီမယ်ဆိုတာ မဆွေးနွေးရသေးပါဘူး။ သံရုံးက ထိုင်းရှေ့နေကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှာပါ။ အဓိက အမှုတရားရုံးရောက်မှ အာမခံလျောက်နိုင်မှာပါ” ဟု ၎င်းကဆိုသည်။

စွပ်စွဲခံမြန်မာနိုင်ငံသားနှစ်ဦး အာမခံရရှိနိုင်ရေးအတွက် မြန်မာသံရုံးက ရှေ့နေများကောင်စီနှင့် ပူးပေါင်းကာ အချက်အလက် အထောက်အထားများကို စုစည်းနေပြီး အောက်တိုဘာ ၂၈ ရက်နေ့တွင် ကောင်စီနှင့် ထပ်မံဆွေးနွေးသွားမည်ဟု သံအမတ်ကြီးက ပြောသည်။

လိပ်ကျွန်းလူသတ်မှုနှင့် ပက်သက်ပြီး မြန်မာနိုင်ငံမှ လေ့လာစောင့်ကြည့်ရေးအဖွဲ့ တစ်ဖွဲ့ ထိုင်းနိုင်ငံသို့ သွားရောက်ရန် အဆင်သင့် ပြင်ဆင်ပြီးသော်လည်း အခြေအနေကို စောင့်ကြည့်နေသည်ဟု သံအမတ်ကြီးက ပြောသည်။

“အချိန်တန်ရင်ပြောပါမယ်” ဟု ဦးဝင်းမောင်က ဆိုသည်။

ဗြိတိန်မှ လေ့လာရေးအဖွဲ့တစ်ဖွဲ့သည်လည်း အောက်တိုဘာလ ၂၅ ရက်တွင် အမှုဖြစ်ပွားရာ ကော့တောင်ကျွန်းသို့ သွားရောက်ခဲ့ပြီး အောက်တိုဘာ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် မြန်မာအဖွဲ့နှင့် တွေ့ဆုံရန် ရှိသည်ဟု မြန်မာသံရုံးအဖွဲ့မှ ဦးမင်းဦးက ပြောသည်။

ယင်းအရေးဆောင်ရွက်ရန် အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်၊ ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် အမတ် ဦးခင်ရွှေ၊ ပတ္တမြားနဂါး ကုမ္ပဏီပိုင်ရှင် အမတ် ဦးနေဝင်းထွန်းတို့က ကျပ်သိန်း ၁၀၀ စီလှူဒါန်းထားသည်။

No comments: