Thursday, November 6, 2014

မြန်မာနှစ်ဦးကို နှိပ်စက်သည့် ထိုင်းရဲနှင့် ဘာသာပြန်နှစ်ဦးကို ထောင်ချခံရနိုင်

ဟိန်းကိုစိုး

ကော့တောင်(လိပ်ကျွန်း) လူသတ်မှုတွင် စွပ်စွဲခံထားရသူနှစ်ဦးကို နှိပ်စက်သည့် ထိုင်းရဲနှင့် ဘာသာပြန်နှစ်ဦးကို ထိုင်းအစိုးရအဖွဲ့က ထောင်ဒဏ်ချမှတ် အရေးယူနိုင်သည်ဟု မြန်မာသံရုံး အထူးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က အောက်တိုဘာ ၂၄ရက်တွင် မဇ္ဈိမကိုပြောသည်။

"ကော်မရှင်က နှိပ်စက်တယ်လို့ ကောက်ချက်ချထားတယ်။ နှိပ်စက်တဲ့အဖွဲ့ ဘယ်သူဆိုတာ ကော်မရှင် မေးထားပြီးပြီ သိရတာနဲ့ အရေးယူမှာပါ ထိုင်းဥပဒေအရဆိုရင် ထောင်ပါကျနိုင်ပါတယ်"ဟု ၎င်းကဆိုသည်။

ကော်မရှင်က စွပ်စွဲခံမြန်မာနှစ်ဦး၊ တရားလိုပြသက်သေ မောင်မောင် အပါအဝင် သုံးဦးတို့၏ ထွက်ဆိုပြောကြားချက်များကို အောက်တိုဘာ ၂၁ရက်က ထိုင်းအစိုးရအဖွဲ့သို့တင်ပြထားပြီး နှိပ်စက်ခဲ့သူများကို အရေးယူနိုင်ရန် ဆောင်ရွက်နေသည်ဟု ပြောသည်။

အောက်တိုဘာ ၂၄ရက် နံနက်ပိုင်းတွင် ကော့စမွေ အကျဉ်းထောင်သို့ စွပ်စွဲခံ မြန်မာနှစ်ဦး၏ မိဘများက သွားရောက်တွေ့ဆုံခဲ့သည်။ဇော်လင်းထွန်းနှင့် ဝင်းဇော်ဦးက လူသတ်မှုကို ကျူးလွန်ခဲ့ခြင်းမရှိဘဲ ထိုင်းရဲက မတရားခြိမ်းခြောက်မှုကြောင့် ဝန်ခံထွက်ဆိုခဲ့ခြင်းဖြစ်သည်ဟုမိဘများနှင့် တွေ့ဆုံစဉ်ထပ်မံဆိုခဲ့သည်။

"ထိုင်းရဲကော စကားပြန် နှစ်ဦးကော နှိပ်စက်တယ်။ နောက်ပြီး ဖမ်းခံရရင်လည်း ထောင်ထဲခဏထားပြီး ပြန်လွှတ်ပေးမယ်၊ ဝန်မခံရင်မီးရှို့သတ်မယ်လို့လည်း ပြောတယ်"ဟု မိဘများနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့ကြောင်း ဦးအောင်မျိုးသန့်ကပြောသည်။

လူသတ်မှုကျူးလွန်သည်ဟု စွပ်စွဲခံထားရသည့် မြန်မာနှစ်ဦး အပေါ် နှိပ်စက်ညှင်းပမ်းသည့် အဖွဲ့ကို ဖော်ထုတ်ပေးရန် ထိုင်းရဲသို့ ကော်မရှင်ကအောက်တိုဘာ ၂၁ရက်က အကြောင်းကြားထားသော်လည်း ယနေ့တိုင် မည်သူတို့က နှိပ်စက်ခဲ့သည်ဟု အတိအလင်းပြန်လည် ရှင်းလင်းခြင်း မရှိသေးပေ။

ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးရာတွင် စွပ်စွဲခံရသူ ဝင်းဇော်ထွန်းကို ဆူရဌာနီခရိုင်နေ ကိုရဲက စကားပြန်အဖြစ်လည်းကောင်း ဇော်လင်းဦးကို ကော့စမွေနေ ချာပါတီရောင်းသူ အောင်ဆန်းဦး(ခ) ကမာက လည်ကောင်း ဘာသာပြန်ဆိုပေးပြီး ၎င်းတို့ကိုယ်တိုင် နှိပ်စက်ညှင်းပမ်းပြီး ဝန်ခံရန် ခြိမ်းခြောက်ခဲ့သည်ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သိရသည်။

No comments: