ဇေယျာချမ်းအေး
၂၀၁၅ အာဆီယံ အသိုက်အဝန်း ထူထောင်ချိန်တွင် ပြည်တွင်းကုမ္ပဏီများသည် ကျွမ်းကျင်လုပ်သား ရှားပါးမှုပြဿနာနှင့် ကြုံတွေ့လာဖွယ်ရှိကြောင်း ရန်ကုန်စီးပွားရေး တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းအောင်က မဇ္ဈိမကို ပြောသည်။
အာရှဖွံ့ဖြိုးရေးဘဏ်၏ ၂၀၁၃ စစ်တမ်းများအရ မြန်မာနိုင်ငံ၏ လူဦးရေ၏ ၆၉ ဒသမ ၅ ရာခိုင်နှုန်းမှာ အလုပ်လုပ်နိုင်သော အရွယ်များဖြစ်ပြီး ၆၄ နှစ်အထက်သက်ကြီး ရွယ်အိုမှာ ၅ ဒသမ ၂ ရာခိုင်နှုန်း၊ ငါးနှစ် အောက်ကလေးအရေအတွက်မှာ ၂၅ ဒသမ ၃ ရာခိုင်နှုန်းရှိခြင်းကြောင့် စုစုပေါင်း ပြည် တွင်းကုန်ထုတ် လုပ်မှုတန်ဖိုး (ဂျီဒီပီ) တိုးတက် အောင်ဆောင်ရွက်ရာတွင် သာမန်လုပ်သား လိုအပ်ချက်အတွက် ပူပင်စရာ မရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။
သို့ရာတွင် ပြည်ပကုမ္ပဏီများ ၀င်ရောက်လာသည့်အခါ ပြည်တွင်း ကျွမ်းကျင်လုပ်သားများသည် လုပ်ခလစာ၊ အခွင့်အလမ်း ပိုမိုသောနေရာများသို့ ပြောင်းရွှေ့လေ့ ရှိသောကြောင့် ပြည်တွင်းကုမ္ပဏီများမှာ ကျွမ်းကျင်လုပ်သားများကို ထိန်းထားနိုင်ရန် ခက်ခဲမည်ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်
“ကျွန်တော်တို့နိုင်ငံရဲ့ သက်ကြီးရွယ်အို နှုန်းကလည်း သိပ်မများဘူး။ ကလေးအရေအတွက် သိပ်မများဘူး။ အလုပ်လုပ်နိုင်တဲ့ အရွယ်များတယ်။ ဒါကို ကောင်းကောင်း အသုံးချနိုင်ရင် ၂၀၁၅ ခုနှစ်မှာ စီးပွားရေး ကောင်းလာမယ်လို့ မြင်တယ်။ ဒါပေမဲ့ ဒီလူတွေကို တိုးတက်အောင် လုပ်ပေးရမယ်” ဟု ဒေါက်တာ ထွန်းအောင်က ဆိုသည်။
လူဦးရေအချိုးအစားအရ သက်လတ်ပိုင်းဦးရေ များပြားသော်လည်း မြန်မာနိုင်ငံလူဦးရေ စုစုပေါင်း၏ ၄၅ ဒသမ ၅ ရာခိုင်နှုန်းမှာ ပုံမှန်အလုပ်အကိုင်မရှိဘဲ မှီခိုစာရင်းတွင် သာရှိနေသေးကြောင်း အာရှဖွံ့ဖြိုးရေး ဘဏ်၏ စစ်တမ်းများ၌ ဖော်ပြထားသည်။
မြတ်မင်းကုမ်္ပဏီလီမိတက်၏ ဒါရိုက်တာ ဦးကျော်နီခင်က “လက်ရှိအနေအထားတွေကို ကျွမ်းကျင်အောင် လေ့လာထားရမှာ ဖြစ်ပါတယ်။ ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး တော့လည်း ပြဿနာရှိပါတယ်။ အင်မတန် အရေးပါတဲ့ ကိစ္စဖြစ်ပါတယ်။ နိုင်ငံတကာ ကုမ္ပဏီတွေ ဝင်လာတဲ့အခါမှာ ကျွန်တော်တို့ ပြည်ပလုပ်ငန်းရှင်တွေနဲ့ အပြိုင်အဆိုင် လစာပေးနိုင်ဖို့ လိုပါတယ်” ဟု သုံးသပ်ပြောထားသည်။
No comments:
Post a Comment