Wednesday, November 5, 2014

ပြည်နယ်နှင့် တိုင်း တစ်ခုလျှင် မဲဆန္ဒနယ် တစ်နယ်သတ်မှတ်သည့် ပုံစံ ရွေးချယ်ထား

ဝင်းကိုကိုလတ်

အမျိုးသားလွှတ်တော်က ဖွဲ့စည်းထားသည့် အချိုးကျကိုယ်စားပြုရွေးကောက်ပွဲ စနစ် ရွေးချယ်ရေး ကော်မရှင် သည် ပြည်နယ်နှင့် တိုင်းဒေသကြီး တစ်ခုလျှင် မဲဆန္ဒနယ် တစ်နယ်သတ်မှတ်သည့်ပုံစံ အပါအဝင် ရွေးကောက်ပွဲဒီဇိုင်း (ပုံစံ) နှစ်မျိုး ရွေးချယ်ထားသည်ဟု ကော်မရှင်အဖွဲ့ဝင် ဦးဖုန်းမြင့်အောင်က ပြောသည်။

“နောက်ဆုံးလုပ်ခဲ့တဲ့ အစည်းအဝေးမှာတော့ ရွေးကောက်ပွဲ ဒီဇိုင်းနှစ်မျိုး ရွေးချယ်ခဲ့ပါတယ်” ဟု ဆိုသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးတစ်ခုလျှင် မဲဆန္ဒနယ်တစ်နယ် သတ်မှတ်သည့် ရွေးကောက်ပွဲဒီဇိုင်းနှင့် ယင်းပြည်နယ်နှင့် တိုင်းဒေသကြီးများ အတွင်း မဲဆန္ဒနယ်များ ထပ်မံသတ်မှတ်သည့် စနစ်တို့ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

၎င်းက “စနစ်နှစ်ခုစလုံးကတော့ သိပ်မကွာပါဘူး၊ ခပ်ဆင်ဆင်ဆိုတော့ တစ်မျိုးတည်းတောင် ပြောလို့ရပါတယ်” ဟု ဖြည့်စွက် ပြောသည်။

လက်ရှိရွေးချယ်သည့် အရေအတွက် အတိုင်းပြည်နယ်နှင့် တိုင်းဒေသကြီးတစ်ခုလျှင် ကိုယ်စားလှယ် ၁၂ ဦး ရွေးချယ်ရမည်ဖြစ်ပြီး ကိုယ်စားလှယ် တစ်ဦးအတွက် ရရှိရမည့် မဲအရေအတွက်မှာမူ ဒေသအလိုက် ကွဲပြားမည်ဖြစ်သည်ဟု ၎င်းက ပြောသည်။

ရွေးကောက်ပွဲဒီဇိုင်း ရွေးချယ်ရာတွင် ကော်မရှင်သည် အခြေခံဥပဒေနှင့် ကိုက်ညီမှုရှိစေရန်လည်း အဓိကထား စဉ်းစားခဲ့သည်ဟု ၎င်းက ပြောသည်။

၎င်းက “အခြေခံဥပဒေအရ လူတစ်ကိုယ် မဲတစ်မဲပဲပေးခွင့် ရှိတယ်လေ၊ ပါတီကို တစ်ခါပေး၊ လူကိုတစ်ခါ ပေးဆိုရင် အခြေခံဥပဒေနဲ့ မညီဘူးလေ” ဟု ဆိုသည်။

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် တင်သွင်းခဲ့သည့် လက်ရှိနိုင်သူ အကုန်ယူ ရွေးကောက်ပွဲစနစ်မှ အချိုးကျ ကိုယ်စားလှယ်ပြုစနစ်သို့ ပြောင်းလဲရေး အဆိုကို အင်န်အယ်လ်ဒီမှ ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားကိုယ်စားလှယ် အချို့က ကန့်ကွက်ကာ တပ်မတော်သား ကိုယ်စားလှယ်များက ကြားနေခဲ့သော်လည်း ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်များ၏ ထောက်ခံမှုဖြင့် အနိုင်ရရှိသွားခြင်းဖြစ်ပြီး မူလက အဖွဲ့ဝင် ၄၁ ဦးဖြင့် ဖွဲ့စည်းခဲ့သော်လည်း စုစုပေါင်း ၁၀ ဦးနုတ်ထွက်ထားသည့် အဆိုပါကော်မရှင်သည် လာမည့် နိုဝင်ဘာ ၇ ရက်တွင် အစည်းအဝေးခေါ်၍ ယင်းကို အတည်ပြုမည်ဖြစ်သည်။

No comments: