Thursday, November 6, 2014

လာမည့်ရခိုင်ပြည်နယ်လွှတ်တော်တွင် ဖြည့်စွက်တောင်းခံထားငွေ ကျပ်၁၉ ဘီလျံကျော်ကိစ္စဆွေးနွေးမည်

နိရဉ္စရာ

နိုဝင်ဘာလ ၁၁ ရက်နေ့တွင် စတင်ကျင်းပမည့် ရခိုင်ပြည်နယ် လွှတ်တော်တွင် ဗဟို အစိုးရမှ တောင်းခံထားသော ၂၀၁၄- ၂၀၁၅ ခုနှစ် ဘတ်ဂျက် အတွက် ဖြည့်စွက် ရန်ပုံငွေကျပ် ၁၉ ဘီလျံကိစ္စကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ် လွှတ်တော်အနေဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွက် ကျပ် ၄၆ ဘီလျံကျော်ကို ဖြည့်စွက်ရန်ပုံငွေ အဖြစ် ပြည်ထောင်စုရန်ပုံငွေမှ တင်ပြတောင်းဆိုထားရာမှ ကျပ် ၁၉ ဘီလျံကျော်ကိုသာ ခွင့်ပြုပေးခဲ့သည်ဟု ရခိုင်ပြည်နယ် လွှတ်တော် ဒုဥက္ကဌ ဦးသာညွှန့်က ပြောကြားသည်။

“ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှာ ဖြည့်စွက်ရန်ပုံငွေ ၄၆ ဘီလျံကျော် တင်ပြတောင်းခံထားရာမှာ ၁၉. ၅၉၉ ဘီလျံကိုသာ ပြည်ထောင်စု ရန်ပုံငွေက ခွင့်ပြုခဲ့တယ်။ ဒီရရှိလာတဲ့ ၁၉ ဘီလျံကျော်ကို ဘယ်လိုခွဲဝေ သုံးစွဲကြမလဲဆိုတာ လာမယ့် နိုဝင်ဘာလ ၁၁ ရက်နေ့မှာ စမယ့် လွှတ်တော်မှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

၂၀၁၄-၂၀၁၅ ခုနှစ် ဘဏ္ဍာနှစ်အတွင်း ရခိုင်ပြည်နယ်သို့ ဗဟိုအစိုးရမှ ခွင့်ပြုငွေ ဘတ်ဂျက်မှာ ကျပ် ၁၉၈ ဘီလျံ ရှိုပြီး ယခုအခါ ယင်းဘတ်ဂျက်ငွေများကို ရခိုင်ပြည်နယ် ၁၇ မြို့နယ် စလုံးအတွက် အသုံးပြုထားပြီး ဖြစ်ကြောင်း၊ နောက်ထပ် လိုငွေ ၄၆ ဘီလျံရှိကြောင်း လွှတ်တော် ဒုဥက္ကဌ ဆိုသည်။

“ ဌာနဆိုင်ရာ ၁၂ ခုကနေ တောင်းခံထားတာက ၄၆ ဘီလျံ ဖြစ်ပေမယ့် ဗဟိုအစိုးရ ရန်ပုံငွေက ခွင့်ပြုတဲ့ ငွေပမာဏက ၁၉ ဘီလျံကျော်ရှိတယ်။ ဒါကို ဌာနဆိုင်ရာက လျှော့ယူဖို့ ပြန်တင်ပြထားတာရှိတယ်။ ဒီအပေါ်မှာ ငြင်းပယ်ခြင်း၊ သဘောတူခြင်း ဆိုတဲ့ အပိုင်းတွေကို လွှတ်တော်မှာ ဆွေးနွေး ဆုံးဖြတ်ဖို့ရှိပါတယ်” ဟု ဆိုသည်။

ယင်းပြင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စု အစိုးရမှ ကျပ် ၁၅ ဘီလျံကျော်ကိုလည်း သီးသန့် ရန်ပုံငွေ တစ်ရပ် အနေဖြင့် ခွင့်ပြုထားပြီးဖြစ်ကြောင်း၊ ယခုအခါ လုပ်ငန်းများ စတင် လုပ်ကိုင်နေပြီ ဖြစ်ကြောင်း သူက ဆိုသည်။

ဗဟို အစိုးရမှ သီးသန့်ရန်ပုံငွေများကို တိုင်းနှင့် ပြည်နယ် ၁၄ ခုသို့ ခွဲဝချပေးလျှက်ရှိရာ ယင်းအထဲမှ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ် (၂) ခုမှာ ကျပ်၁၅ ဘီလျံ အသီးသီးစီ တခြားပြည်နယ်နှင့် တိုင်းဒေသကြီးများထက် ပိုမို ရရှိခဲ့သည်ဟု သိရသည်။

No comments: