Sunday, November 23, 2014

တိုင်းရင်းသားလူမှုအဖွဲ့အစည်းများ ငြိမ်းချမ်းရေး အထောက်အကူပြုအဖွဲ့ ဖွဲစည်း

စောဇင်ညီ

တိုင်းရင်းသားလူမှုအဖွဲ့အစည်းများ ပူးပေါင်းကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်နိုင်ရန် Ethnic Nationalities For Peace အဖွဲ့အား နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ဖွဲ့စည်းလိုက်ကြောင်းသိရသည်။

အဆိုပါ အဖွဲ့အစည်းတွင် ပြည်နယ်အသီးသီးမှာ တိုင်းရင်းသားလူမှု အဖွဲ့အစည်း ကိုယ်စားလှယ်များပါဝင်ကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ထိရောက်စွာ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ၎င်းအဖွဲ့မှ မွန်ကိုယ်စားလှယ် ဦးမင်းမင်းနွယ်က ပြောသည်။

ထို့အပြင် ရှေ့ဆက်၍ အခြားအဖွဲ့အစည်းများပါ ပါဝင်လာနိုင်ရန် စည်းရုံးမည်ဖြစ်ကာ တပ်မတော်၊ တော်လှန်ရေးအဖွဲ့များနှင့် လူထုအကြားတွင် ငြိမ်းချမ်းရေးလိုအပ်ချက်များအား စစ်တမ်းကောက်ယူသွားမည်ဖြစ်ပြီး ဒေသအချင်းချင်း သတင်းဖလှယ်မှုများနှင့် ယဉ်ကျေးမှု ဖလှယ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးမင်းမင်းနွယ်က ပြောသည်။

“တိုင်းရင်းသားလူမှု အဖွဲ့အစည်းများ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်များတွင်ပါဝင်နိုင်ဖို့တိုင်းရင်းသားလူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပြီးငြိမ်းချမ်းရေးတည်ဆောက် မှုလုပ်ငန်းစဉ်မှာပါဝင်ဖို့ကမရှိခဲ့ဘူး၊ ဒါကြောင့်မို့ ဖွဲ့စည်းရတာ ဖြစ်ပါတယ်၊ အဖွဲ့ရဲ့လုပ်ဆောင်ချက်တွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်၍ သော်၎င်း အကျိုးပြုပါလိမ့်မယ်” ဟု ကိုမင်းမင်းနွယ်က ပြောသည်။

လတ်တလော အဖွဲ့ဝင်များမှာ မွန်လူမှုအဖွဲ့အစည်းများကိုယ်စား ကိုကိုဇော်နှင့် မင်းမင်းနွယ်၊ ကရင်လူမှုအဖွဲ့အစည်းကိုယ်စား ကိုမြင့်အောင်နှင့် ကိုဗညားထွန်း ၊ရှမ်းလူမှုအဖွဲ့အစည်းကိုယ်စား ကိုဖိုးချမ်းနှင့် ကိုဖိုးသား ၊ ကချင်ကိုယ်စား မဆီဆိုင်းနှင့်တစ်ဦး၊ ရခိုင်၊ ကယား၊ ချင်း၊ ပအို့၊ ပလောင် စသည်ဒေသများမှ ကိုယ်စားလှယ် ၂ ဦးစီ နှင့် ဗမာကိုယ်စားလှယ်နှစ်ဦးတို့ပါဝင်ကြောင်း သိရသည်။

အဆိုပါ Ethnic Nationalities For Peace အဖွဲ့ ဖွဲ့စည်းခြင်းအား မြန်မာငြိမ်းချမ်းရေးစင်တာ MPC က လက်ခံ အသိအမှတ်ပြုကြောင်း မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်သင့် ပါဝင်ထိုက်သူများပါဝင်မှ အဖြေထွက်မည် ဖြစ်ကြောင်း MPC မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးလှမောင်ရွှေက ပြောသည်။

ထိုသို ပါဝင်သင့်သူများ ၀ိုင်းဝန်းကာ အဖြေရှာခြင်းဖြင့် လိုရာခရီး အမြန်ဆုံးရောက်နိုင်မည်ဟု ဦးလှမောင်ရွှေက သုံးသပ်သည်။

“ကျွန်တော်တို့ နိုင်ငံမှာ တိုင်းရင်းသားတွေနဲ့  ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေက တကယ်ဘဲ နှစ်ဘက်အတူယှဉ်တွဲပြီးတော့ အားလုံးလက်ခံနိုင်တဲ့အတိုင်းပေါ့နော် နိုင်ငံရေးတွေဆုံဆွေးနွေးပွဲတွေမှာ အဖြေရှာဖို့ လိုပါတယ်၊ ဗပိာုကော်မတီအနေနဲ့လည်း လက်ခံမှာပါ၊ အမြင်သဘောထားကြီးကြီးနဲ့  တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ညှိနှိုင်းဆွေနွေးတဲ့ပုံနဲ့  သွားနိုင်တဲ့  အဖွဲ့ဆိုရင် ကျွန်တော်တို့ ကြိုဆိုပါတယ်၊ အရပ်ဖက် အဖွဲ့အစည်းတွေ အားကောင်းတာကို ကျွန်တော်တို့လည်း ကြိုဆိုပါတယ်” ဦးလှမောင်ရွှေက ဆက်ပြောသည်။

မြန်မာငြိမ်းချမ်းရေးဖြစ်စဉ်များသည် ယခုလက်ရှိအချိန်တွင် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများသာဆောင်ရွက်နိုင်ကာ ထိုအပစ်ရပ်ဆွေးနွေပွဲများသည်လည်း ပြီးခဲ့သည်စက်တင်ဘာလမှ စတင်ကာ ယခုနိုဝင်ဘာလ လဝက်ကျော်အထိ နှောင့်နှေးနေကြောင်း တွေ့ရသည်။

သို့ရာတွင် အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နှင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနိုင်းရေးအဖွဲ့ NCCT တို့က လာမည့် ဒီဇင်ဘာလဆန်းပိုင်းတွင် အပစ်အခတ်ရပ်စဲရေးမူကြမ်း အချောသက်နိုင်ရေး မျှော်လင့်နေကြသည်။

No comments:

Post a Comment