Friday, November 7, 2014

ရာသီဥတု ဆိုးရွားမှုကြောင့် တောင်ကြီး မီးပုံးပျံပွဲပြိုင်ပွဲ ရပ်ဆိုင်း

ဂျွန်ချစ်ငြိမ်း

ကျင်းပလျက်ရှိသည့် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို ရာသီဥတု အခြေအနေ ဆိုးရွားနေမှုကြောင့် ရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်ဟု ကျင်းပရေး ကော်မတီ၊ တွဲဖက်အတွင်းရေးမှူး ဦးတင်ဝင်းက နိုဝင်ဘာ ၆ ရက်တွင် မဇ္ဈိမကို အတည်ပြုသည်။

နိုဝင်ဘာ ၅ ရက် ည ၇း၀၀ နာရီ နောက်ပိုင်းမှ စ၍ မိုးရွာသွန်းခဲ့ပြီး နောက်ပိုင်းတွင် မြူများထူထပ်စွာ ကျဆင်းနေသဖြင့် ပြိုင်ပွဲဝင်မီးပုံးပျံများကို လွှတ်တင်ရန် အခက်အခဲဖြစ်ခဲ့ရသည်ဟု မီးပုံးပျံပြိုင်ပွဲဝင် အဖွဲ့များက ပြောသည်။

နိုဝင်ဘာ ၃ရက်က လည်း ရာသီဥတုဆိုးရွားမှုကြောင့် ပြိုင်ပွဲဝင် မီးပုံးပျံ ၆ လုံးကို လွှတ်တင်မည့် ရက်ရွှေ့ဆိုင်းထားခဲ့ရပြီး နိုဝင်ဘာ ၅ရက်တွင်မူ ပြိုင်ပွဲဝင် မီးပုံး ၂၂ လုံး လွှတ်တင်နိုင်ခြင်းမရှိဟု ကျင်းပရေးကော်မတီ တွဲဖက်အတွင်းရေးမှူးကပြောသည်။ ထိုသို့ ရပ်ဆိုင်းလိုက်ခြင်းကြောင့် ယခုနှစ်ပြိုင်ပွဲတွင် ဆုရွေးချယ်မည့် အစီအစဉ် ရှိတော့မည်မဟုတ်ဟု ကျင်းပရေး ကော်မတီက အတည်ပြုသည်။

"ပွဲကဖျက်လိုက်ပါပြီ၊ အခုပဲ ကော်မတီကော၊ မီးပုံးပျံ အဖွဲ့တွေကောခေါ်ပြီး အစည်းဝေးလုပ်လိုက်တာပါ၊ ကျန်တဲ့အလုံးတွေလည်း ရာသီဥတုကြောင့် လွှတ်တင်တော့မှာ မဟုတ်သလို ရက်လည်းမတိုးပါဘူး” ဟု မီးပုံးပျံပွဲတော် ကျင်းပရေး ကော်မတီအဖွဲ့ဝင် ပုံသဏ္ဍန်အမှတ်ပေးဒိုင်အဖွဲ့မှ ကိုပိလောင် က ပြောသည်။

ယင်းတို့ ဖျက်သိမ်းခြင်းအား မီးပုံးပျံအဖွဲ့များ အားလုံးကလည်း သဘောတူပြီး ရာသီဥတုအခြေနေကြောင့် လွှတ်တင်ရန် မည်သို့မျှ မဖြစ်နိုင်ဟု ပြိုင်ပွဲဝင် အဖွဲ့များက ပြောသည်။

တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ သက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ် ရပ်ဆိုင်းလိုက်ရခြင်းဖြစ်သည်။ ထို့ပြင် မီးပုံးပျံမတော်တဆ ပေါက်ကွဲမှုကြောင့် အသက်သေဆုံးမှုများလည်း ယခုနှစ် ပြိုင်ပွဲအတွင်း ဖြစ်ပွားခဲ့ပြီး ကလေးတစ်ဦးအပါအ၀င် လူ ၃ ဦး အဆက်ဆုံးရှုံးခဲ့ရသည်။

၂၀၁၄ ခုနှစ်၊ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၇ ရက် အထိ အဝေရာကွင်းအတွင်း ကျင်းပနေခြင်းဖြစ်ပြီး မီးပုံးပျံ အလုံး ၃၀၀ ကျော်ယှဉ်ပြိုင်ရန် စာရင်းပေးထားသည်။

No comments: