တင်ဇာအောင်၊ ချိုကို
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် မိုဘိုင်းဖုန်း ဆက်သွယ်ရေးအတွက် အသုံးပြုထားသော တာဝါတိုင်များကို မျှဝေသုံးစွဲရန် အတွက် စစ်တမ်းများ စတင် ကောက်ယူနေပြီဟု MPT၏ မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးမြင့်သိန်းထွန်းက မဇ္ဈိမကို ပြောသည်။
ပြည်တွင်းတွင် ကွန်ယက် ဖြန့်ကျက်နိုင်မှု အများဆုံးမှာ MPT ၏ ကွန်ရက်ဖြစ်ပြီး အခြား အော်ပရေတာများ အနေဖြင့်လည်း တာဝါ မျှဝေ သုံးစွဲရန် စိတ်ဝင်စားမှုရှိနေကာ မည်သည့် တာဝါများကို မျှဝေ သုံးစွဲ၍ ရမည်ဆိုခြင်းကို စစ်တမ်း ကောက်ယူနေခြင်းဖြစ်သည်။ စစ်တမ်းကောက်ယူရာတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် စတင် ကောက်ယူနေပြီ ဖြစ်သည်။
ဦးမြင့်သိန်းထွန်းက “မျှဝေ သုံးစွဲတာက တာဝါတိုင် ကြံ့ခိုင်မှု ရှိရင် မျှဝေသုံးစွဲလို့ ရပါတယ်။ ကြံ့ခိုင်မှု လုပ်ဖို့ကလည်း အကုန်အကျ များရင် မလုပ်နိုင်ပါဘူး။ အခုတော့ ဘယ်တာဝါတိုင်က structure တောင့်တယ်၊ မတောင့်ဘူး ဆိုတာတွေကို survey (စစ်တမ်း) ကောက်နေပါပြီ" ဟု ဆိုသည် ။
တာဝါတိုင်များ မျှဝေသုံးစွဲရာတွင် မည်သည့် အော်ပရေတာနှင့်မဆို လာရောက် ကမ်းလှမ်းပါက မျှဝေ သုံးစွဲရန် စဉ်းစားသွား မည် ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
တာဝါတိုင်များ မျှဝေ သုံးစွဲမှုနှင့် ပတ်သက်၍ တယ်လီနောမြန်မာ၏ အမှုဆောင် အရာရှိချုပ် Mr. Petter Furberg က “MPT အနေနဲ့ အဆင်သင့် ဖြစ်မယ်ဆိုရင် တာဝါတိုင်ကို မျှဝေသုံးမှာပါ" ဟု မဇ္ဈိမကို ပြောကြားထားသည်။
ပြည်တွင်းတွင် ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပေးရာတွင် MPTက ဒေသ အတော်များများကို လွှမ်းခြုံထားနိုင်ပြီး အခြား အော်ပရေတာ နှစ်ခု ဖြစ်သည့် တယ်လီနောနှင့် အူရီးဒူးတို့က ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် မြို့ကြီးအချို့တွင်သာ သုံးစွဲ၍ ရနိုင်သေးကာ ဒီဇင်ဘာလခန့်မှသာ မြို့ကြီး တော်တော်များများတွင် သုံးစွဲလာနိုင်မည် ဖြစ်သည်။
တာဝါတိုင်များ မျှဝေသုံးစွဲခြင်းနှင့် ပတ်သက်ပြီး အူရီးဒူး မြန်မာ၏ Technology Demand Mananger မမြတ်အေးစောကလည်း “MPT အနေနဲ့ တာဝါတိုင်ကို မျှဝေသုံးစွဲဖို့ အဆင့်သင့် မဖြစ်သေးဘူး။ အဆင်သင့်ဖြစ်မယ်ဆိုရင် မျှဝေသုံးစွဲဖို့ စဉ်းစားမှာပါ။ လက်ရှိမှာတော့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနဲ့ တာဝါတိုင်မျှဝေသုံးထားတာ မရှိပါဘူး။ ရန်ကုန်မှာတော့ တယ်လီနောနဲ့ တာဝါတိုင်မျှဝေ သုံးဆွဲထားတာ တချို့တော့ ရှိတယ်" ဟုဆိုသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့်လည်း ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့များတွင် သုံးစွဲမှု ပမာဏကို ကြည့်၍ တာဝါတိုင်များ ထပ်မံ တိုးချဲ့ စိုက်ထူနေသည်ဟု မဇ္ဈိမကို ပြောထားသည်။
တယ်လီနော အနေဖြင့် ရန်ကုန်တွင် ဆက်သွယ်ရေး တာဝါတိုင် ၃၀၀ ကျော် စိုက်ထူထားပြီး တာဝါတိုင် ၈၀၀ ခန့် ရှိပါက ရန်ကုန်မြို့အတွက် လုံလောက်သည့် ပမာဏ ဖြစ်သည်ဟုလည်း ပြောကြား ထားသည်။
No comments:
Post a Comment