ဇေယျာချမ်းအေး
မော်တော်ယာဉ် လိုင်းပေါင်းစုံကြီးကြပ်မှု ဗဟိုကော်မတီ (မထသဗဟို)ကို လာမည့် ၂၀၁၅ မတ်လတွင် ရွေးကောက်တင်မြှောက်သည့်စနစ် ကျင့်သုံးကာ ပုဂ္ဂလိကယာဉ်များ စနစ်တကျပြေးဆွဲရေး ကော်မတီ အမည်ဖြင့် ပြောင်းလဲဖွဲ့စည်းမည်ဟု ရန်ကုန်တိုင်းဒေသကြီး၊ မထသ ဒုဥက္ကဋ္ဌ ဦးမင်းဇော်က ဒီဇင်ဘာ ၂၅ရက်တွင် မဇ္ဈိမကိုပြောသည်။
ထိုသို့ ကော်မတီပြောင်းလဲဖွဲ့စည်းရန် လိုအပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား ၂ပါ ပြဋ္ဌာန်းချက်များ အရ ရေးဆွဲသည့် ပုဂ္ဂလိကယာဉ်များ စနစ်တကျပြေးဆွဲရေးဥပဒေကို ယခုဒီဇင်ဘာလအတွင်း ကျင်းပပြီးစီးခဲ့သည့် တိုင်းဒေသကြီးလွှတ်တော်တွင် အတည်ပြုရေးဆွဲနိုင်ခဲ့ပြီးဖြစ်သည်။ ဥပဒေ အတည်ပြုပြီးနောက် ရက်ပေါင်း ၉၀အတွင်း နည်းဥပဒေများကို တိုင်းဒေသကြီးအစိုးရက အတည်ပြု ရေးဆွဲပေးရမည်ဖြစ်သည်။ နည်းဥပဒေများ ထွက်ရှိလာပါက ရွေးကောက်တင်မြှောက်သည့်စနစ်ဖြင့် မထသဗဟိုကော်မတီကို ပြင်ဆင်ဖွဲ့စည်းသွားမည်ဖြစ်သည်။
"အခြားပြည်နယ်တိုင်းအားလုံးက ၂၀၁၂-၁၃ လောက်ကတည်းက အဲဒီဥပဒေတွေရေးဆွဲ ပြီးစီးသွားတယ်။ ရန်ကုန်တိုင်းက အခုမှပြီးတာ။ ကြာနေတာ။ နည်းဥပဒေ ဆွဲပြီးသွားပြီဆိုမှ ဒီကော်မတီကို ဘယ်လိုရွေးချယ်တင်မြှောက်မယ်ဆိုတာ အသေးစိတ်ပေါ်လာလိမ့်မယ်။ ပြောင်းလဲမှာတော့ သေချာပါတယ်" ဟုဦးမင်းဇော်က ရှင်းလင်းသည်။
နည်းဥပဒေများ ရေးဆွဲပြီးစီးပါက တိုင်းဒေသကြီးအစိုးရက ရွေးကောက်ပွဲပြုလုပ်ရန် ကော်မရှင်ဖွဲ့ပေးမည်ဖြစ်ပြီး ကော်မရှင်က ကော်မတီဝင်များကို ရွေးချယ်သွားမည်ဖြစ်သည်။ ကော်မတီဝင်နေရာကို ၉နေရာသတ်မှတ်ထားပြီး အစိုးရခန့် ၄ဦး၊ ရွေးကောက်ခံ ယာဉ်ပိုင်ရှင် ၅ဦးဖြင့် ကော်မတီသစ်ကို ဖွဲ့စည်းသွားဖွယ်ရှိသည်ဟု ဦးမင်းဇော်က ဆိုသည်။
"အများပိုင်ကုမ္ပဏီနဲ့ ဆက်စပ်မှုအကြောင်း ပြန်သုံးသပ်မယ်ဆိုရင် အများပိုင်ကုမ္ပဏီဖွဲ့တယ်ဆိုတာက ကိစ္စသပ်သပ်။ အများကုမ္မဏီပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ဒီကော်မတီရဲ့ လက်အောက်မှာပဲ ရှိမှာဖြစ်ပါတယ်။ ယာဉ်စည်းကမ်းထိန်းသိမ်းမှု အပိုင်းကတော့ ဥပဒေအောက်မှာရှိတဲ့ အဖွဲ့အစည်းရဲ့လက်အောက်မှာ ပဲရှိရမှာဖြစ်ပါတယ်။ ပုဂ္ဂလိကယာဉ် ဘယ်ယာဉ်မဆို ဒီကော်မတီလက်အောက်မှာပဲ ရှိရမှာဖြစ်ပါတယ်" ဟုဦးမင်းဇော်ကသုံးသပ်ထားသည်။
No comments:
Post a Comment