Wednesday, December 10, 2014

e-Government အတွက် ရန်ကုန်စည်ပင်က ကျပ် တစ်ဘီလီယံ တောင်းထားပြီး ထင်သာမြင်သာ ဆောင်ရွက်နိုင်မည်ဟု ခန့်မှန်း

မောင်မန်း

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် ရသုံးမှန်းခြေ ငွေစာရင်း လျာထားချက်တွင် e-Government လုပ်ငန်းများ အကောင်အထည် ဖော်နိုင်ရန် တစ်ဘီလီယံ( ကျပ် သန်း တစ်ထောင်) တင်ပြ တောင်းခံထားရာ ယင်းငွေကြေးဖြင့် လုပ်ငန်းစဉ်များကို ထင်သာမြင်သာအောင် ဆောင်ရွက်နိုင်မည်ဟု ခန့်မှန်းကြောင်း ၀န်ကြီးဌာနများ၏ e-Government လုပ်ငန်းစဉ်များကို ကူညီ ဆောင်ရွက်ပေးနေသည့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးဇော်မင်းဦးက ခန့်မှန်း ပြောကြားသည်။

ယင်းသို့ ဘတ်ဂျက် တင်ပြတောင်းခံထားခြင်းနှင့် ပတ်သက်ပြီး ဦးဇော်မင်းဦးက “တစ်ဘီလီယံ လောက်ဆိုရင် ထင်သာမြင်သာဖြစ်တဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ လုပ်နိုင်မှာပါ။ ဒီလောက်မှပဲ ဖြစ်မှာပါ” ဟု ဆိုသည်။

e-Government လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရန်ကုန်စည်ပင်က ကျပ်ငွေ တစ်ဘီလီယံကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၃ ရက်က ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေးတွင် ရန် ကုန် မြို့တော်ဝန်ဦးလှမြင့်က တင်ပြ တောင်းခံခဲ့ခြင်းဖြစ်ပြီး သန့်ရှင်းအစိုးရ ဖြစ်လာစေရန်အတွက် e-Government လုပ်ငန်းများက အထောက်အပံ့ ပေးနိုင်မည်ဟု ဆိုသည်။

ဦးလှမြင့်က “သန့်ရှင်းအစိုးရ၊ ကောင်းမွန်တဲ့ အစိုးရဖြစ်လာဖို့အတွက် ဆောင်ရွက်ရာမှာ e-Government လုပ်ငန်းတွေက တစ်ဆင့် ပြည်သူ လူထုကို မှန်ကန်မြန်ဆန်စွာ ၀န်ဆောင်မှုပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ဆို သည်။

ရန်ကုန်တိုင်းဒေသကြီး၊ စည်ပင်သာယာရေး ကော်မတီအနေဖြင့် e-Government လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပြီး မြို့ပြစီမံကိန်းနှင့် စီမံဌာနခွဲအတွက် OSS(One Stop Ser-vice) စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ပြီးဖြစ်သည်ဟု ဦးလှမြင့်က ပြောသည်။

၎င်းက “လက်ရှိအခြေအနေမှာ မြို့ပြစီမံကိန်းနှင့် စီမံဌာနခွဲအတွက် One Stop Service စနစ်ကိုအကောင် အထည်ဖော် ဆောင်ရွက်ပြီး ဖြစ် ပါတယ်” ဟု ဆိုသည်။

e-Government လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှု အောင်မြင်လာပါက အစိုးရနှင့် လုပ် ဆောင်ရသည့် လုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှု ရှိလာမည်ဟုလည်း ဦးဇော်မင်းဦးက ပြောသည်။

ဦးဇော်မင်းဦးက “အချိန်ကုန်သက်သာ သွားမယ်။ အွန်လိုင်းပေါ်က သွားမှာဆိုတော့ ပွင့်လင်းမြင်သာမှု ရှိလာမယ်။ လျှောက်လွှာ လျှောက် ထားတယ်ဆိုရင် ဘယ်အဆင့် ရောက်နေပြီဆိုတာကို သိနေရမှာပါ” ဟု ဆိုသည်။

ဦးဇော်မင်းဦးက “၀န်ကြီးဌာနတွေအနေနဲ့ e-Government လုပ်ငန်းတွေ အကောင်အထည် ဖော်မယ်ဆို ရင် ငွေရေးကြေးရေး၊ နည်းပညာနဲ့ နည်းပညာ ကျွမ်းကျင်ဝန်ထမ်းတွေ ရှိဖို့ လိုအပ်ပါတယ်” ဟု ဆိုသည်။

e-Government လုပ်ငန်းများမှတစ်ဆင့် ပြည်သူလူထုကို အထိရောက်ဆုံး ဝန်ဆောင်မှု ပေးနိုင်မည်ဖြစ်ပြီး သန့်ရှင်းအစိုးရ ဖြစ်လာစေရန် အတွက် အထောက်အကူပြုနိုင်မည် ၏ဟုလည်း ဆိုသည်။

ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့ စုစုပေါင်း ၆၅ ခုက ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ယခုအချိန်အထိe-Government လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပစ္စည်းများဝယ်ယူ အသုံးပြုခဲ့သော ငွေကြေး စုစုပေါင်းငွေ ကျပ် ၁၆,၀၄၃ သန်းရှိ သည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသောင်း တင်က ပြောကြားထားသည်။

No comments: