ခင်မြတ်မြတ်ဝေ
အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်လှုပ်ရှားနေသည့် မန္တလေးမှ ထွက်လာသည့် ကျောင်းသား သပိတ်စစ်ကြောင်းသည် ဇန်နဝါရီ ၂၆ ရက်တွင် တောင်သာမြို့သို့ ချီတက်နေပြီဖြစ်ပြီး ၂၇ ရက်တွင် ကျောက်ပန်းတောင်းသို့ ချီတက်ကာ ပခုက္ကူအဖွဲ့နှင့် ပူးပေါင်းကာ မကွေးသို့ ချီတက်မည်ဟု ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က မဇ္ဈိမကို ပြောသည်။
"ကျွန်တော်တို့ ဒီနေ့ တောင်သာကို သွားနေပါတယ်။ မနက်ဖြန်တော့ ကျောက်ပန်းတောင်းကို ခရီးစဉ်ပေါ့။ လမ်းမှာ တစ်ညအိပ်ရမယ် ပခုက္ကူ လမ်းမရောက်ရင် ပခုက္ကူ မြို့က တက်လာတဲ့ သပိတ်စစ်ကြောင်းနဲ့ ပူးပေါင်းပြီး မကွေးသို့ ချီတက်မယ်" ဟု ၎င်းက ဆိုသည်။
အလားတူ မကွေးမြို့နယ် မြေလတ် ကျောင်းသား သမဂ္ဂ ဦးဆောင်ကာ မကွေးတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်၊ ဆေးတက္ကသိုလ်မှကျောင်းသား အင်အား ၁၀၀ ခန့်က ဇန်နဝါရီ ၂၆ ရက် နံနက်က မကွေးမြို့လယ်က ဗိုလ်ချုပ်ပန်းခြံသို့ စတင် ချီတက်လာပြီဖြစ်သည်။
မန္တလေးမှ ထွက်လာသည့် ကျောင်းသားသပိတ် စစ်ကြောင်းသည် ဇန်နဝါရီ ၂၆ ရက်တွင် မြင်းခြံမြို့မှ ချီတက်လာပြီး ထွက်ခွာချိန်တွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် ရဲဝန်ထမ်းများက ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေ ပုဒ်မ ၁၈ အရ ခွင့်ပြုမိန့်တင်ရန် ထပ်မံ သတိပေးခဲ့သေးသည်ဟု ကိုရဲရင့်ကျော်က ပြောသည်။
"ကျွန်တော်တို့ အတွက်က အိမ်ယာဝင် ပုံပြင်လိုပါပဲ။ ကျွန်တော်တို့က လုံးဝမတင်ဘူး။ ဖမ်းချင်ရင် သပိတ်စစ်ကြောင်းတစ်လျှောက်မှာ အချိန်မရွှေး လာဖမ်းနိုင်တယ်လို့ ပြောခဲ့တယ်" ဟု ၎င်းက ဆိုသည်။
ထိုသို့ ခွင့်ပြုမိန့်တင်ရန် သတိပေးမှုများကို မန္တလေးမြို့မှ စထွက်လာသည့် အချိန်မှ စ၍ မန္တလေး၊ ပုလိပ်၊ ကျောက်ဆည်၊ မြစ်သား၊နွားထိုးကြီးနှင့် မြင်းခြံ တောက်လျှောက် သတိပေးခံရခြင်း ဖြစ်သည်။
ထို့ပြင် မန္တလေး သပိတ်စစ်ကြောင်းအား ရေနံချောင်းမှ ရဟန်းပျိုးသမဂ္ဂမှ သံဃာတော် ခြောက်ပါးကလည်း ရန်ကုန်အထိ သပိတ် စစ်ကြောင်းအတွင်း လိုက်လံပူးပေါင်းလိုက်သည်။ မန္တလေးမှ ထွက်လာစဉ်က အမာခံ ကျောင်းသား ၁၀၀ ခန့်ဖြင့် စတင်ခဲ့ရာ မန္တလေး နည်းပညာ ကျောင်းသား အယောက် ၃၀၀ ကျော်က သပိတ်စစ်ကြောင်းအတွင်း မန္တလေး ကျောင်းသား သပိတ်စစ်ကြောင်း၏ခာက်ရက်တာအတွင်း ပြည်တွင်းပြည်ပ အလှူရှင်များထံမှ လှူဒါန်းငွေ သိန်း ၄၀ ခန့် ရရှိထားသည်။ သပိတ်မှောက်ကျောင်းသားများအတွက် လိုအပ်သည့် ဆေးဝါး၊ ဖုန်းကတ်၊ စာရွက်စာတန်း၊ ထုတ်ပြန်ချက်များ၊ အချိုရည်များအပြင် သွားလာရေးတွင် အသုံးပြုနိုင်ရန် လူနာတင်ယာဉ် တစ်စီးကို နာရေးကူညီမှုအသင်းက ကူညီပေးထားသည်။ အသင်း ဥက္ကဋ္ဌ ဦးကျော်သူက ဇန်နဝါရီ ၂၆ ရက်တွင် မြင်းခြံမြို့သို့ ကိုယ်တိုင် လာရောက် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
No comments:
Post a Comment