Wednesday, January 21, 2015

တယ်လီနော ဖုန်းပြောခ တစ်မိနစ် ကျပ် ၂၀ လျှော့ချမည့်သတင်း မမှန်

မောင်မန်း

တယ်လီနောမြန်မာက ဖုန်းပြောဆိုမှု ဝန်ဆောင်ခကို တစ်မိနစ်ကျပ် ၂၀ သို့ လျှော့ချသတ်မှတ်မည်ဟု လူမှုကွန်ရက် များ ပေါ်တွင် ပျံ့နှံ့နေသည့် သတင်းများမှာ မမှန်ကန်ကြောင်း တယ်လီနောမြန်မာ၏ ပြန်ကြားရေးအရာရှိ ကိုစိုးသူထွန်းက ငြင်းဆိုလိုက် သည်။

ကိုစိုးသူထွန်းက "ဖေ့စ်ဘွတ်မှာ ပြန့်နေတဲ့ တယ်လီနော က တစ်မိနစ် ၂၀ ဖြစ်မယ်ဆိုတဲ့ သတင်းက မမှန်ပါဘူး။ တကယ်လို့ လျှော့မယ် ဆိုရင်လည်း တယ်လီနောမြန်မာရဲ့ တရားဝင်ဖေ့စ်ဘွတ် စာမျက်နှာမှာ တင်သွားမှာပါ" ဟု ဆိုသည်။

ဝန်ဆောင်ခ အပါအဝင် အခြားတယ်လီနောမြန်မာ၏ ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး တယ်လီနောမြန်မာက တရားဝင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပြီး သတင်းအချက်အလက်များ သိရှိလိုပါက တယ်လီနောမြန်မာ၏ တရားဝင် ဖေ့စ်ဘွတ် စာမျက်နှာကို မက်ဆေ့ခ်ျပေးပို့ခြင်း၊ ပို့စ်တင်မေးမြန်းခြင်းများ ပြုလုပ်နိုင်သည်ဟု ကိုစိုးသူထွန်းက အကြံပြုသည်။

၎င်းက "သတင်းတွေ ပျံ့လာလို့ အမှန်ကို သိချင်တယ်ဆိုရင် တယ်လီနောမြန်မာရဲ့ တရားဝင်ဖေ့စ်ဘွတ် စာမျက်နှာမှာ ထုတ်ပြန်သွားမှာ ပါ။ အချက်အလက်တွေ သိချင်တယ်ဆိုရင် မက်ဆေ့ခ်ျပို့ပြီး ဖြစ်ဖြစ်၊ ပို့စ်တင်ပြီးဖြစ်ဖြစ် မေးလို့ရပါတယ်" ဟု ပြောသည်။

ယင်းအပြင် တယ်လီနောမြန်မာ၏ ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီးသိရှိလိုပါက အော်ပရေတာနံပါတ် ၉၇၉ သို့ ဆက်သွယ်နိုင်မည်ဖြစ်ပြီး အခြားအော်ပရေတာများက ဝန်ဆောင်မှုပေးသည့် ဖုန်းများနှင့် ခေါ်ဆိုပါက ဖုန်းနံပါတ် ၀၉၇၉၀၀၉၇၉၀၀ သို့ ဆက်သွယ်မေးမြန်းနိုင်သည် ဟု ကိုစိုးသူထွန်းက ပြောသည်။

လက်ရှိအချိန်တွင် တယ်လီနောမြန်မာက ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ပဲခူးနှင့် မကွေး ဒေသများတွင် ဝန်ဆောင်မှုပေးနေပြီး အရောင်းဆိုင်ပေါင်း ၁၅၀၀၀ကျော် ဖွင့်လှစ်ရောင်းချပေးနေသည်။

တယ်လီနောက ဝန်ဆောင်မှုပေးသည့် ဆင်းမ်ကတ်များသည် ပြင်ပမှောင်ခိုပေါက်ဈေး ကျပ် ရှစ်ထောင်မှ ကျပ် နှစ်သောင်း အထိ ဈေးခေါ်ရောင်းချမှုများ ရှိနေသည်။

ယင်းသို့ရောင်းချမှုနှင့် ပတ်သက်ပြီး တယ်လီနောမြန်မာ၏ ပြန်ကြာရေးအရာရှိ ကိုစိုးသူထွန်းက "ကွန်ရက်ဝန်ဆောင်မှု ပေးနိုင်မှု အလိုက် ကတ်တွေချပေးနေပါတယ်။ တစ်ချို့အရောင်းဆိုင်တွေမှာ ကတ်အရောင်းပြတ်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တတ်နိုင် သလောက် ဈေးပိုပေးပြီး မဝယ်ဘဲ တယ်လီနောအရောင်းဆိုင်တွေမှာပဲ ကျပ် ၁၅၀၀ နဲ့ရအောင် ဝယ်ဖို့တိုက်တွန်း ပါတယ်" ဟု ပြောကြားထားသည်။

ဝန်ဆောင်မှုစတင်သည့်အချိန်မှ လက်ရှိအချိန်အထိ တယ်လီနောမြန်မာ ဝန်ဆောင်မှုပေးနေသည့် ကွန်ရက်တွင် တာဝါအင်အား ၈၀၀ကျော်ဖြင့် ဝန်ဆောင်မှုပေးနေပြီး ကတ်အရေအတွက် ၃ ဒသမ ၅ သန်းကျော် ချထားပေးပြီး ကတ် ၂ သန်းကျော် အသုံးပြုနေသည်ဟု တယ်လီနော မြန်မာ၏ စာရင်းများတွင် ဖော်ပြထားသည်။

No comments: