ကျော်စိုးမိုး
သုံးနှစ်ကျော် ကြာမြင့်နေသည့် မြောက်ဥက္ကလာပမြို့နယ် မျက်နှာဖုံးစွပ် လူသတ်မှုအတွက် တရားခံပြသက်သေများကို စစ်ဆေးနေသည်ဟု အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ တစ်ဦးက ပြောသည်။
အဆိုပါ လူသတ်မှုအတွက် သေဒဏ်ကျခံရစေမည့် ပြစ်မှုပုဒ်မ ၃၀၂(၁)(ခ) ဖြင့် တရားစွဲခံထားရသူ ၁၅ ဦးရှိပြီး ၎င်းတို့အတွက် တရားခံပြ သက်သေ ၁၅ ဦးခန့် စစ်ဆေးရန်ရှိပြီး မြောက်ပိုင်းခရိုင် တရားရုံးတွင် အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့များတွင် စစ်ဆေးနေခြင်း ဖြစ်သည်။
အမှုကို လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ တစ်ဦးက "လောလောဆယ် ရှစ်ဦးလောက် စစ်ဆေးပြီးပါပြီ၊ အကုန်လုံး စစ်ပြီးရင်တော့ အမိန့်ချမှာပါ။ " ဟု ပြောသည်။
အမှုဖြစ်စဉ်မှာ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်၊ ည ၈ နာရီခွဲခန့်က မြောက်ဥက္ကလာပမြို့နယ်၊ နွယ်သာကီ (၆) လမ်းရှိ စားသောက်ဆိုင် တစ်ခုတွင် ထိုင်နေသည့်အသက် ၃၀ အရွယ်ရှိ ကိုကျော်မင်းကို မျက်နှာဖုံးစွပ်ထားသည့် ဓားရှည်ကိုင် လူခြောက်ဦးက ဓားနှင့် ခုတ်သတ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါအမှုတွင် ပုဒ်မ ၃၀၂(၁)(ခ) ဖြင့် စွဲချက်တင်ခံထားရသူ ၁၅ ဦးအနက် ရှစ်ဦးက စွဲချက်ပြင်ဆင်ပေးရန် ဇွန် ၂၄ ရက်က ပြည်ထောင်စု လွှတ်တော်တရားရုံးသို့ လျှောက်တင်ခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၂၈ တွင် ပြည်ထောင်စုလွှတ်တော်တရားရုံးက မူလ စွဲချက်တင်ထားသည့် ပုဒ်မဖြင့်သာ ဆက်လက်စစ်ဆေးရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် ပုဒ်မ ၃၀၂(၁)(ခ) ဖြင့် စွဲချက်တင်ခံထားရသူ ၁၅ ဦးအနက် ပြစ်မှုကျူးလွန်ခဲ့သည်ဟု ဝန်ခံထားမှုများ ရှိနေသည်ဟု အဆိုပါရှေ့နေက ဆိုသည်။
No comments:
Post a Comment