စိုးသန်းလင်း
၂၀၁၅ ဇန်န၀ါရီ ၁၇ ရက် ပြည်ထောင်စု လွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့သည့် ပြည်ထောင်စု လွှတ်တော်၏ခာက်ပွင့်ဆိုင် အဆိုအပေါ် သမ္မတ၏ သဘောထား သဝဏ်လွှာမှာ ရှင်းလင်းတိကျမှု ရှိသင့်သည်ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
“မရှင်းရင် သေသေချာချာ ရှင်းရှင်းလင်းလင်း ရှင်းပြပါလို့ ပြောတဲ့သူကို မေးမှပေါ့၊ ဘာလို့ အန်တီ့ကို လာမေးနေကြသလဲ၊ အန်တီတို့ကတော့ သမ္မတ သဘောထားကို တုံ့ပြန်တဲ့အခါ တရားဝင် တုံ့ပြန်မှာပဲ၊ ကိုယ့်ဘက်က ရှင်းရှင်းလင်းလင်းပြောဖို့က ကိုယ့်တာဝန်ပေါ့၊ တခြားသူ ရှင်းရှင်းလင်းလင်း ပြောတာ မပြောတာကတော့ အန်တီတို့နဲ့ မဆိုင်ဘူး၊ ဘယ်လိုတုံ့ပြန်မလဲ ဆိုတာကိုတော့ ဒီကိစ္စက တရားဝင်လုပ်ရတဲ့ ကိစ္စပါ၊ အလွတ်သဘောပြောလို့ မကောင်းပါဘူး” ဟု ဇန်နဝါရီ ၂၀ ရက် ပြည်သူ့လွှတ်တော် ၁၂ ကြိမ်မြောက် အစည်းအဝေး ဒုတိယနေ့  အစီအစဉ် မစမီ ဒေါ်အောင်ဆန်းစုကြည်က မီဒီယာကို ဖြေကြားခဲ့သည်။
ဇန်နဝါရီ ၁၉ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက မှတ်တမ်းတင်ခဲ့သည့် သမ္မတ၏ သ၀ဏ်လွှာတွင် “နိုင်ငံတော် သမ္မတ ဦးဆောင်၍ ခြောက်ပွင့်ဆိုင် တွေ့ဆုံရန် တိုက်တွန်းလာသောကိစ္စသည် ကောင်းမွန်သော လုပ်ငန်းတစ်ရပ် ဖြစ်ပါသည်။” ဟု ပါဝင်သော်လည်း “သို့ရာတွင် …. တိုင်းရင်းသားပြည်သူအားလုံး လူထုလူတန်းစားအဖွဲ့အစည်းများနှင့် နိုင်ငံရေးအင်အားစုများက လက်ခံသော ကိုယ်စားပြုမှု ဖြစ်စေရေးနှင့် ပွင့်လင်းမြင်သာမှုရှိစေရေးတို့ အတွက် စီမံဆောင်ရွက်နိုင်ပါက ပိုမို ပြည့်စုံ ကောင်းမွန်မည်ဟု အကြံပြုလိုပါသည်။” ဟုလည်း ဝေဖန်ထောက်ပြထားသည်။
ထို့အပြင် “ဤကိစ္စနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၏ ဆုံးဖြတ်ချက်၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၏ ဆုံးဖြတ်ချက်နှင့် ချင်းပြည်နယ် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားများ၏ သဘောထား ထုတ်ဖော်မှုများကိုလည်းကောင်း၊ ကျန်တိုင်းရင်းသားများ၏ သဘောထားများကိုလည်းကောင်း အလေးထား ထည့်သွင်း စဉ်းစားရပါမည်။” ဟုလည်း ရေးသားညွှန်ပြထားသည်။
ထို့အတူ အခြေခံဥပဒေကို ပြင်ဆင်ရာတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁၂) ပါ ဥပဒေပြင်ဆင်ရေး ပြဌာန်းချက်များအတိုင်း လွှတ်တော်က ပြင်ဆင်ပါက သမ္မတအနေဖြင့် လိုက်နာဆောင်ရွက်သွားမည်သာ ဖြစ်ကြောင်း၊ ပြဌာန်းထားသောဥပဒေကို ကျော်လွန် ဆောင်ရွက်၍ မရနိုင်ပါကြောင်းလည်း သဘောထား သဝဏ်လွှာတွင်ပါရှိသည်။
ထို့ကြောင့် သမ္မတသည် ပြည်ထောင်စု လွှတ်တော်၏ ခြောက်ပွင့်ဆိုင်တွေ့ဆုံရေး အဆိုကို လက်ခံသည့် သဘောထက် လက်မခံသည့် သဘောက ပိုများနိုင်သည်ဟု လွှတ်တော်ကိုယ်စား လှယ်များအကြား ဝေဖန်ပြောကြားလျက်ရှိသည်။
No comments:
Post a Comment