Mizzima
ပဲခူးတိုင်း၊ ပညာရေးမှူးထံမှ ညွှန်ကြားချက်မရသေးသဖြင့် အဌမတန်းအကြို စာမေးပွဲရလာဒ်များ ဇန်နဝါရီလ ၂၀ ရက်အထိ ထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း ပြည်မြို့နယ် လက်ထောက်ပညာ ရေးမှူး ဦးသက်ပိုင်ဦးက ပြောသည်။
“တိုင်းကညွှန်ကြားချက် မလာသေးတာက အဓိက အချက်ပေါ့။ နောက်တစ်ခုက မြို့နယ်တစ်ခုလုံးကို ရုံးက အမှတ်ခြစ်တာကော၊ အမှတ်ပြန်သွင်းတာ ပြန်တိုက်တာ စာရင်းဇယား လုပ်တာတွေကော၊ အေဘီစီခွဲတာတွေကော တာဝန်ယူထားရတယ်။ အဲဒါကြောင့် ကြန့်ကြာမှုတွေ ဖြစ်နေတာ”ဟု ၎င်းက ပြောသည်။
အဌမတန်းအကြို စာမေးပွဲရလာဒ် မထုတ်ပြန်နိုင်ခြင်းမှာ ပညာရေးဝန်ထမ်းလုံလောက်မှုမရှိခြင်းလည်း ပါဝင်သည်ဟု ဦးသက်ပိုင်ဦးက ဆိုသည်။
တိုင်းကြီးကြပ်မှုဖြင့် စစ်ဆေးသည့် အဌမတန်း နှစ်ဝက်စာမေးပွဲကို ဒီဇင်ဘာလအတွင်းက ပြုလုပ်ခဲ့သော်လည်း ဇန်နဝါရီ လဝက် ကျော် လာပြီ ဖြစ်သော်လည်း ထုတ်ပြန်ပေးနိုင်ခြင်းမရှိပေ။
အဆိုပါ အကြိုစာမေးပွဲသို့ ပြည်မြို့နယ် အတွင်းမှ ကျောင်းသား၊ ကျောင်းသူ ၃၀၅၉ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး အဆိုပါ စာမေးပွဲအဖြေလွှာ များကို ဆရာ၊ဆရာမ ၂၀ ဦးခန့်က စစ်ဆေးခဲ့ပြီး ရလဒ် များ ထုတ်ပြန်ရန် ကြန့်ကြာမှုများဖြစ်ပေါ်နေခြင်းဖြစ်သည်ဟု ဦးသက်ပိုင်ဦးက ဆိုသည်။
ထို့အပြင် စာစစ်ရာတွင် ဖွဲ့စည်းပုံအရ မြို့နယ်ပညာရေးမှူး တစ်ဦး၊ ဒုတိယမြို့နယ် ပညာရေးမှူးနှစ်ဦး လက်ထောက်မြို့နယ်ပညာရေးမှူးသုံးဦး ရှိရမည်ဖြစ်သော်လည်း ပြည်မြို့နယ် ပညာရေးမှူးရုံးတွင် မြို့နယ် ပညာရေးမှူးတစ်ဦး နှင့် လက်ထောက်မြို့နယ် ပညာရေးနှစ်ဦးသာ ရှိသည်။
ပြည်မြို့တွင် တိုင်းစစ်အဌမတန်း အကြိုစာမေးပွဲ ရလာဒ်များ မထုတ်ပြန်နိုင်သေးသော်လည်း ခရိုင်စစ် စတုတ္ထတန်း အကြိုစာမေးပွဲ ရလာဒ်များကိုမူ ဇန်နဝါရီ ၁၆ ရက်က ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ပြည်ခရိုင် ပေါက်ခေါင်းမြို့တွင် အဌမတန်း နှင့် စတုတ္ထတန်း ရလာဒ် များကို ဇန်နဝါရီလ ၁၂ ရက်က ထုတ်ပြန်ခဲ့ပြီးလည်းဖြစ်သည်။
အဆိုပါ အဌမတန်းအကြို စာမေးပွဲရလာဒ်ကို A,B,C အဆင့်သုံးဆင့် ခွဲထုတ်ပြန်မည် ဖြစ်သည်။
No comments:
Post a Comment