Tuesday, January 27, 2015

ချင်းမိုင်ရှိ ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းတွင် သေဆုံးသူဆရာမ နှစ်ဦးအတွက် ဆုတောင်းပွဲ ပြုလုပ်

ဖနိဒါ

ရှမ်းပြည်မြောက်ပိုင်းတွင် သတ်ဖြတ်ခံရသည့် ကချင်ကျောင်းဆရာမ နှစ်ဦးအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ဆုတောင်းပွဲကို ကချင်တိုင်းရင်းသားများက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ကချင်နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်း (WCC) တွင် ဇန်နဝါရီ ၂၅ ရက်က ကျင်းပခဲ့သည်။

ထို ဘုရားကျောင်းတွင် ဝမ်းနည်းခြင်း ဆုတောင်းပွဲသို့ ကချင်အမျိုးသားများ စုစုပေါင်း ၂ဝဝ ကျော် တက်ရောက်ခဲ့ကာ ကချင်ပြည်နယ်ရှိ ကချင်ပြည်သူများနှင့် ထပ်တူ ဝမ်းနည်းခြင်း အထိမ်းအမှတ် ဆုတောင်းပွဲ ပြုလုပ်ရခြင်း ဖြစ်သည်ဟု WCC အသင်းတော် မှ ကော်မတီခေါင်းဆောင် ဦးဂျာဝါဇော်က ပြောသည်။

၎င်းက ''သူတို့နှစ်ဦးရဲ့ ဝိဥာဉ်ကို ဘုရားသခင်ထံ အပ်နှံပြီး ခွန်အားယူ ဆုတောင်းပွဲ လုပ်တာဖြစ်တယ်'' ဟု မဇ္စျိမကို ပြောသည်။

အသတ်ခံရမှုနှင့် ပတ်သက်၍ အစိုးရက တာဝန်ယူ၍ တရားမျှတစွာ အမှုမှန် ဖော်ထုတ်ပေးရန် တောင်းဆိုလိုက်သည်ဟုလည်း ၎င်းက ဆိုသည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး နိုင်ငံတကာ တရားရုံးနှင့် အမျိုးသမီးအဖွဲ့များ ပါဝင်သည့် စုံစမ်းစစ်ဆေးမှု ဖွဲ့ စည်း၍ စစ်ဆေးရန်လည်း ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အခြေစိုက် ကချင်အမျိုးသမီး အစည်းအရုံး (KWAT) တွဲဖက် တာဝန်ခံ မဆိုင်းဇင်က တိုက်တွန်း ပြောဆိုသည်။

အသက် ၂ဝ အရွယ်ရှိ ခေါန်နန်စင်နှင့် လုရာတို့နှစ်ဦးသည် ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် (KBC) ၏ အစီအစဉ်ဖြင့် ကောင်းခါကျေးရွာ မှ ကလေးငယ်များကို ၂ဝ၁၄ နှစ်ဆန်းပိုင်းမှ စ၍ အခမဲ့ စေတနာ့ ဝန်ထမ်း လာရောက် ပညာသင်ကြားပေးနေသူများဖြစ်ပြီး ဘုရားကျောင်းဝင်း အတွင်းရှိနေထိုင်ရာ အိမ်ခန်း တွင် ဇန်နဝါရီ ၁၉ ရက်က သေဆုံးနေသည်ကို တွေ့ခဲ့သည်။

No comments: