Wednesday, February 11, 2015

ဂျိုက်ကာ၏ အိုဒီအေချေးငွေဖြင့် ကယား၊ ရှမ်း၊ ချင်း၊ မန္တလေးဒေသများရှိ လမ်းငါးလမ်းကို ဖောက်လုပ်သွားရန် လုပ်ငန်းများကို တင်ဒါခေါ်ယူ

သီဟကိုကို

ဂျပန်နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (JICA) ၏ODA Loan (တရားဝင် ဖွံ့ဖြိုးရေး အကူအညီချေးငွေ) ဖြင့် ကယား၊ ရှမ်း၊ ချင်း၊ မန္တလေးဒေသများရှိ လမ်းငါးလမ်းကို ဖောက်လုပ်သွားရန် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းက လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီများကို တင်ဒါ စတင်ခေါ်ယူထားသည်။

ဂျပန်နိုင်ငံ၏ အကူအညီချေးငွေဖြစ် သည့် JICA ODA Loan ဖြင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိရာ တိုင်းနှင့် ပြည်နယ်အချို့ရှိ လမ်း၊ တံတား လုပ်ငန်းများ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် တင်ဒါခေါ်ယူထားခြင်း ဖြစ်သည်။

ကယားပြည်နယ်ရှိ တောင်ငူ-မော်ချီး-လွိုင်ကော်လမ်း ခုနစ်မိုင် နှစ်ဖာလုံ၊ တံတား ငယ်၊ တံတားလတ် ၁၇ စင်း ဆောက်လုပ်သွားမည်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အကြား ဟန်မြင့်မိုရ်-မြို့ကြီး-ရွာငံလမ်း လမ်းမိုင် ၃၄ မိုင်အရှည်ကို ကတ္တရာလမ်းခင်းသွားနိုင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

ထို့အပြင် ဂျပန်နိုင်ငံ၏ တရားဝင်အကူ အညီချေးငွေဖြင့် ချင်းပြည်နယ်ရှိ ကလေး-ဖလမ်း-ဟားငါးလမ်း လမ်းမိုင် ခုနစ်မိုင် တစ်ဖာလုံကို ကတ္တရာလမ်းခင်းသွားမည် ဖြစ်ပြီး ဟားခါး- ဂန့်ဂေါလမ်း လမ်းမိုင် ၁၉ မိုင် နှစ်ဖာလုံနှင့် သိုင်းငင်း-တီးတိန်လမ်း လမ်းမိုင် ၁၆ မိုင် လေးဖာလုံကိုလည်း ကတ္တရာလမ်းလုပ်ငန်း ဆောင် ရွက်သွားမည် ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါပြည်နယ်နှင့် တိုင်းဒေသကြီးလေးခုရှိ လမ်းလုပ်ငန်းအမျိုးအစား ငါးမျိုးကို ဆောင်ရွက်ရေးအတွက် စိတ်ဝင်စားသည့် လုပ်ငန်းရှင်များကို ဖေဖော်ဝါရီ ၈ ရက်တွင် စတင်တင်ဒါခေါ်ယူထားသည်။

တင်ဒါအဆိုပြုလွှာများကို ဖေဖော်ဝါရီ ၁၈ ရက်အထိ ရောင်းချပေးမည်ဖြစ်ပြီး စိတ်ဝင်တစားလုပ်ကိုင်လို သည့် လုပ်ငန်းရှင်များကို ဖေဖော်ဝါရီ ၂၅ ရက်တွင် တွေ့ဆုံကာ အကြိုအစည်းအဝေး ကျင်းပသွားမည် ဖြစ်သည်။

တင်ဒါအဆိုပြုလွှာများကို မတ်လ ၁၁ ရက် နောက်ဆုံးထားတင်သွင်းရမည်ဖြစ်ပြီး မတ်လ ၂၄ ရက်တွင် တင်ဒါဖွင့်လှစ်သွား မည်ဖြစ်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနသည် ဂျပန် နိုင်ငံ၏ အိုဒီအေချေးငွေဖြင့် ငမိုးရိပ်ချောင်းကူး သာကေတတံ တားသစ်၊ ပဲခူးမြစ်ကူး တံတားသစ်တို့ကို ဆောက်လုပ်မည်ဖြစ်ပြီး ဟံသာဝတီလေဆိပ်စီမံကိန်း အကောင် အထည်ဖော်တည်ဆောက်ရာတွင်လည်း ဂျပန်နိုင်ငံ၏ အိုဒီအေချေးငွေအချို့ ပါဝင်မည်ဖြစ်သည်။

No comments:

Post a Comment