Monday, February 9, 2015

မသန်စွမ်းများ တန်းတူပညာသင်ခွင့်ရရန် မစုပုံချစ်တောင်းဆို

စည်သူမောင်မောင်

မသန်စွမ်းများ တန်းတူပညာသင်ကြားခွင့်အတွက် မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း အလုပ်မှုဆောင် မစုပုံချစ်က တောင်းဆိုလိုက်ပြီး ၎င်းက ညောင်တုန်းအဝင်မှ အထွက်ထိ ဧရာဝတီ ကျောင်းသားသပိတ်နှင့် လိုက်ပါပူးပေါင်းခဲ့သည်။

"ပညာ​ရေးဥပ​ဒေမှာ မသန်​စွမ်းသူ​တွေအတွက်​ အထူးသင်​ကြား​ရေးမလိုချင်​ဘူး၊ ​တောင်းဆိုထားပါဘူး၊ ကျွန်​မတို့လိုချင်​တာ အတူတကွပူး​ပေါင်​သင်​ကြားနိုင်​မယ့်​ အ​ခြေခံသင်​ကြား​ရေးပဲ လိုချင်​ပါတယ်​၊​ ကျောင်းသားထု​တောင်းဆိုချက်​ ၁၁ချက်​ထဲမှာပါတဲ့၊ မသန်​စွမ်း​တွေအတွက်​ပါ မချန်​လှပ်​ဘဲ​ တောင်းဆို​ပေးလို့​ ကျောင်းသားထုအားလုံး​ကို ကျေးဇူတင်တယ်" ဟု မစုပုံချစ်က ပြောသည်။

ကန့်ကွက်မှုများရှိနေ၍ ပြန်လည်ပြင်ဆင်ရန် ကြိုးပမ်းနေသည့် အမျိုးသားပညာရေးဥပဒေတွင် မသန်စွမ်းသူများ၏ အခန်းကဏ္ဍအတွက် ပိုမိုထည့်သွင်းရေးဆွဲပေးရန် မျှော်လင့်သည်ဟု ၎င်းက ပြောသည်။

ဧရာဝတီ သပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီ ၇ရက် နံနက်တွင် ညောင်တုန်းမြို့မှ ထွက်ခွာစဉ် မစုပုံချစ်လည်း လိုက်ပါပူးပေါင်းပါဝင် ခဲ့ခြင်း ဖြစ်သည်။

"သူတို့​တောင်းဆိုထားတာ သူတို့အတွက်​တင်​မဟုတ်​ဘူး ဆရာ​တွေအတွက်​​ကော မသန်​စွမ်း​ကျောင်းသား​တွေအတွက်​ပါ​  တောင်းဆိုထားလို့ အမြန်​ဆုံး အ​ကောင်​အထည်​​ဖော်​​ပေးနိုင်​ရင်​ အ​ကောင်းဆုံးပဲ" ဟု ၎င်းက ပြောသည်။

ဧရာဝတီသပိတ်သည် မအူပင်မြို့သို့ ဆက်လက်ထွက်ခွာခဲ့ပြီး မအူပင် တံတားတွင် မအူပင်မြို့နယ် ရဲတပ်ဖွဲ့မှူးက ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေနှင့် အညီ ခွင့်ပြုမိန့်တင်ရန် လာရောက် ပြောကြားခဲ့သည်။ သပိတ်စစ်ကြောင်းမှ ကျောင်းသားများကမူ ခွင့်ပြုမိန့် တင်ရန် မလိုအပ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

No comments:

Post a Comment