နိုင်နိုင်ဇော်
လာမည့် ငါးနှစ်ကျော် ကာလအထိ မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍ ဆက်လက်အားကောင်းနိုင်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ဦးနောင်နောင်ဟန်က ပြောသည်။
၂ဝ၁၄ ခုနှစ် ခရီးသွားသုံးသန်းကျော်အထိ လျာထားချက်မှာလည်း ပြည့်လွန်သွားပြီးဖြစ်ပြီး ၂ဝ၁၅ ခုနှစ် မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွားလျာထားချက် ၄ ဒသမ ၅ သန်းမှာလည်း ဆက်လက်ပြည့်လွန်နိုင်သည်ဟု ၎င်းက ပြောသည်။
''ခရီးသွားကဏ္ဍကိုကြည့်ရင် တိုးတက်မှုက တစ်နှစ်၊ နှစ်နှစ်လောက်နဲ့ ပြတ်သွားတာမရှိပါဘူး။ အနည်းဆုံး ငါးနှစ်ကနေ ၁ဝ နှစ်အထိ တစ်ခါတည်း တိုးတက်သွားတဲ့ နိုင်ငံတွေ အများကြီးပါ။ မြန်မာနိုင်ငံရဲ့ ခရီးသွား ကဏ္ဍကလည်း လာမယ့်နှစ်တွေအထိ တိုးတက်နေမှာပါ'' ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံ ခရီးသွားကဏ္ဍတိုးတက်မှု ဆက်လက်အားကောင်းနိုင်သော်လည်း ခရီးသွားများအတွက် နေ့စဉ် ကုန်ကျစရိတ်များမှာ အခြားနိုင်ငံများထက် ကြီးမြင့်နေရာ သတိပြုရမည့် အချက်ဖြစ်သည်ဟု ၎င်းက ထပ်မံပြောသည်။
မြင့်တက်ခဲ့သည့် တည်းခိုနေထိုင်စရိတ်များမှာ ယခုနှစ်တွင် ပြန်လည်ကျဆင်းလာပြီဖြစ်ကြောင်း၊ ဟိုတယ် စရိတ်များ ထပ်မံကျဆင်းရေးအတွက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဆိုင်ရာအသင်း အဖွဲ့ များနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ခရီးသွားလုပ်ငန်းရှင်များအသင်းက ရှင်းပြသည်။
ထိုကဲ့သို့ ခရီးသွားလုပ်ငန်း တိုးတက်မှုများကြောင့် နိုင်ငံတကာတွင် ခရီးသွားလုပ် ငန်းမြှင့်တင်ရေးရုံးခွဲများ ဖွင့်လှစ်ရေးအတွက် အစိုးရထံမှ ဘတ်ဂျက်ကျခံပေးရန် တောင်းခံ ထားပြီးဖြစ်ကြောင်း၊ လတ်တလောတွင် အမေရိကန်နိုင်ငံ၌ ခရီးသွားလုပ်ငန်းမြှင့်တင် ရေးရုံးခွဲ ဖွင့်လှစ်ရန် စီစဉ်နေကြောင်းလည်း ဦးနောင်နောင်ဟန်က ပြောသည်
ဟိုတယ်ခရီးဝန်ကြီးဌာန၏ ပြောဆိုမှုအရ ၂ဝ၁၅ ခုနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသည် ငါးသန်းအထိ မှန်းထားပြီး ခရီးသွားလုပ်ငန်းဆိုင်ရာ မဟာဗျူဟာအရလည်း ၂ဝ၂ဝ ပြည့်နှစ်တွင် နိုင်ငံခြား သားခရီးသည် ခုနစ်သန်းအထိ ဝင်ရောက်ရန် ခန့်မှန်းထားသည်။
၂ဝ၁၄ ခုနှစ်အတွင်း နိုင်ငံခြားသား ခရီးသည် ၃ ဒသမ ဝ၈ သန်း ဝန်းကျင်အထိ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
No comments:
Post a Comment