Tuesday, February 10, 2015

စက်မှုဇုန်များ လျှပ်စစ်ဓာတ်အား ၅၀ ရာခိုင်နှုန်းရရှိရေး ယခုနှစ်မှစ၍ ဆောင်ရွက်သွားမည်ဟုဆို

ဝင်းကိုကိုလတ်

မြန်မာနိုင်ငံသည် စက်မှုထုတ်ကုန်များ ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရန် ပြည်တွင်းရှိ စက်မှုဇုန်များ လျှပ်စစ်ဓာတ်အား ၅ဝ ရာခိုင်နှုန်းအထိရရှိရေး ယခုနှစ်၊ ဧပြီ ၁ ရက်မှ စတင်ဆောင်ရွက်သွားမည်ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ပြောသည်။

မြန်မာနိုင်ငံက ရာသီဥတုကိုမှီခိုရသည့် လယ်ယာထွက်ကုန်များ၊ သဘာဝသယံဇာတများဖြစ်သည့် သဘာဝဓာတ်ငွေ့၊ ရေနံစသည်များထက် စက်မှုထွက် ကုန်များကို ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေး ဆောင်ရွက်သွားမည်ဟု ၎င်းကဆိုသည်။

အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ''ရာသီဥ တုကိုမှီခိုနေရတဲ့ လယ်ယာထွက်ကုန်တို့၊ နောက်ပြီး ဂတ်စ်တို့၊ ဓာတ်ငွေ့တို့ကို တင်ပို့နေတာထက် ပိုပြီးသေ ချာတဲ့ စက်မှုထွက်ကုန်တွေပြောင်းလုပ်ဖို့ လုပ်နေပါပြီ'' ဟု ပြောသည်။

ဇန်နဝါရီ ၈ ရက် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ(၂)တွင် ဖေဖော်ဝါရီ ၇ ရက်နှင့် ၈ ရက်တွင် ကျင်းပသည့် တတိယအကြိမ်ဖွံ့ဖြိုးမှုဖိုရမ် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

စက်မှုလုပ်ငန်းအခြေခံသည့် ပြည်ပပို့ကုန်တင်ပို့ခြင်း ပိုမိုများပြားလာစေရန် လာမည့် ၂ဝ၁၅-၁၆ ဘဏ္ဍာ နှစ်အစဖြစ်သော ယခုနှစ် ဧပြီ ၁ ရက်မှစ၍ ကြိုးစားသွားမည်ဟု ၎င်းကပြောကြားသည်။

သို့အတွက် စက်မှုလုပ်ငန်းများ တည်ဆောက်ရာတွင် မရှိမဖြစ် လျှပ်စစ်စွမ်းအားကိုလည်း စက်မှုဇုန်များတွင် ယခုနှစ်တွင် ၅ဝ ရာခိုင်နှုန်းအထိ ရရှိစေရန် ဆောင်ရွက်နေသည်ဟု ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။

လက်ရှိအစိုးရသည် ပထမငါးနှစ်စီမံကိန်း ဖွံ့ဖြိုးမှုမူဝါဒအဖြစ် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးကို အဓိကထားပြီး ဒုတိယငါးနှစ်စီမံကိန်းတွင် စက်မှုနိုင်ငံထူထောင်ရေးနှင့် အခြားဘက်စုံဖွံ့ဖြိုးရေးကို ဦးစားပေးမည်ဟု ဆိုသည်။

၎င်းက ''လယ်ယာကဏ္ဍ ဖွံ့ဖြိုးအောင်လုပ်တာအပြင် ပို့ကုန်အနေနဲ့ကြည့်မယ်ဆိုရင် လယ်ယာပို့ကုန်တွေ၊ သစ်တောပို့ကုန်တွေရယ်၊ သဘာဝသယံဇာတဖြစ်တဲ့ ဂတ်စ်တို့၊ ဓာတ်ငွေ့တို့ ပို့လောက်လျော့နည်းသွားတယ်'' ဟု ဆိုသည်။

ထို့ပြင် သဘာဝဓာတ်ငွေ့နှင့် ရေနံဈေးနှုန်းများသည်လည်း ဈေးနှုန်းများ ကျဆင်းလာသည့်အတွက် နိုင်ငံ၏ ဝင်ငွေကျဆင်းလာသည်ကိုလည်း ဖြစ်ပေါ်လာရသည်ဟု ဆိုသည်။

၎င်းက''ကျွန်တော်တို့က ဈေးကွက်စီးပွားရေးစနစ် ဖြစ်တဲ့အတွက် ဈေးနှုန်းကို ဖန်တီးလို့မရဘူး။ ဈေးနှုန်း ကို လက်ခံပါဝင်ရတာဖြစ်တယ်'' ဟု ပြောကြားသည်။

မြန်မာနိုင်ငံတွင် အထူးစီးပွားရေဇုန်သုံးခုနှင့် စက်မှုဇုန် ၂ဝ ခန့်ရှိပြီး အများစုမှာ လျှပ်စစ်မီးလုံလောက်စွာ မရရှိကြသဖြင့် မီးစက်များကိုသာ အားကိုးအားထား ပြုနေရသည်။

No comments:

Post a Comment