Monday, February 9, 2015

ကျောင်းသားသပိတ်များရပ်ရန် ပညာရေးဝန်ကြီးဌာန ဒုတိယအကြိမ် ပန်ကြား

ခင်မြတ်မြတ်ဝေ

အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်ရန်အတွက် ကျောင်းသားများ တောင်းဆိုထားသည့်အတိုင်း လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ ဆက်လက် လုပ်ဆောင်မည်ဖြစ်၍ ကတိအတိုင်း ကျောင်းသားသပိတ်များကို ရပ်တန့်ပေးရန် ပညာရေးဝန်ကြီးဌာနက ဒုတိယအကြိမ် မေတ္တာရပ်ခံ ပန်ကြားလိုက်သည်။

စာမေးပွဲများ နီးကပ်လာပြီဖြစ်၍ ကျောင်းသားများအနေဖြင့် သပိတ်များကို ရပ်တန့်ရန် နှင့် မိဘများကလည်း အစိုးရ နှင့် ပူးပေါင်းကာ မိမိတို့၏ သားသမီးများကို ပြန်လည်ခေါ်ပေးကြရန်လည်း ပန်ကြားလိုက်သည်။

ပညာရေးဝန်ကြီးဌာနမှ ဖေဖော်ဝါရီ ၇ရက်တွင် ယင်းကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၅ရက်ကလည်း တစ်ကြိမ် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် ပန်ကြားခဲ့သေးသည်။

ဖေဖော်ဝါရီ ၅ရက်က ကြေငြာချက်တွင် ကျောင်းသားများ၏ ဆန္ဒပြမှုများ သည် ဥပဒေနှင့် မညီညွတ်ကြောင်း နှင့် ယင်းသို့ လုပ်ဆောင်ရန် နောက်ကွယ်မှ ကြိုးကိုင် လှုံ့ဆော်မှုများ ရှိနေကြောင်း ထုတ်ပြန်ထားသည်။

ယင်းသို့ ပြောကြားချက်နှင့် ပတ်သက်၍ NNER မှ ဒေါက်တာသိန်းလွင်က " ကျောင်းသားတွေကို အစိုးရက ကြေငြာချက်တွေမှာ မသက်ဆုငိတာတွေ ပါလာတယ်။ အဲဒါတွေနောက်မှာ ကြိုးကိုင်တာတွေရှိတယ်ဆိုတာ မရှိပါဘူး။"ဟု ပြောသည်။

သပိတ်မှောက် ကျောင်းသားများ၏ လုံခြုံရေး နှင့် ပတ်သက်၍လည်း ရန်ကုန်တိုင်း ဗဟန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ညိုညိုသင်းက ကျောင်းသားများ၏ လုံခြုံရေးကို အစိုးရ အနေဖြင့် တာဝန်ယူသင့်ကြောင်းနှင့် ကျောင်းသားများကို အစိုးရအနေဖြင့် လုံခြုံရေး တာဝန်မယူပေးဘဲ တစ်စုံတစ်ရာ အန္တရာယ်ပြုပါက ဝိုင်းဝန်းရှုတ်ချမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၇ရက်က NNER၏ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

No comments:

Post a Comment