Tuesday, February 10, 2015

နားဟိုင်းလုံဒေသခံများအား ကုမ္မဏီမှ တတိယအကြိမ် လျော်ကြေးပေး ရွှေတူးဖော်ရေးလည်း ဆက်လုပ်

သျှမ်းသံတော်ဆင့်

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် ခရိုင် တာလေမြို့ နယ်ခွဲ နားဟိုင်းလုံ ဒေသအတွက် ရွှေ တူးဖေါ် နေ သည့် စိုင်းစိုင်း စိုက်ပျိုးရေး ကုမ္မဏီမှ တတိယ အကြိမ် လျော်ကြေး ကျပ်သိန်း ပေါင်း ၁၀၀ ယနေ့ ဖေဖေါ်ဝါရီ ၆ ရက် ထပ်မံ ပေးလျော် သည်ဟု သိရသည်။

ဖဖေါ်ဝါရီ ၆ ရက် နံနက်ပိုင်းက စိုင်းစိုင်းစိုက်ပျိုးရေး ကုမ္မဏီ ပိုင်ရှင် စိုင်းမွန်းခမ်း မှတာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲ နားဟိုင်းလုံဒေသခံများ နှင့် ဆုစန္ဒီဆုပိုင်ရှင် ဆရာမနန်းလာ တို့အားဖိတ်ခေါ်ကာ တတိယအကြိမ်လျော်ကြေး ကျပ်သိန်း ၁၂၀ အတွက် ကျပ်သိန်း ၁၀၀ ပေးလျော်ခဲ့သည်။

“အခုနောက်ဆုံး အကြိမ်က စိုင်းစိုင်းစိုက်ပျိုးရေးကုမ္မဏီ ကျပ်သိန်း ၁၂၀ လေ ပိုက်ဆံမလောက်သေး ဘူးဆိုပြီး ကျပ်သိန်း ၁၀၀ ပေးတယ်။ ဒါပေမယ့် လက်မှတ်တော့ ကျပ်သိန်း ၁၂၀ အတွက် ထိုးခိုင်း တယ်။ ကျန် ၂၀ က ရွာမှာပဲ သူကိုယ်တိုင်လာပေးမယ်တဲ့” - ဟု ရွာသားများခေါင်းဆောင် ဆရာမ နန်းလာ ကပြောသည်။

ပထမ အကြိမ် လျော်ကြေး ကျပ်သိန်း ၁၅၀၊ ဒုတိယ အကြိမ် ကျပ်သိန်း ၁၀၀၊ တတိယ အကြိမ် အတွက် ကျပ်သိန်း ၁၂၀ ကိုရွာသားများအားပေးလျော်ရန် ကုမ္မဏီများက သဘောတူထားကြသည်။

ရွှတူးဖေါ်မှုများအားလုံးရပ်တန့်ရန်၊ ပျက်စီးသွားသည့် လယ်ယာမြေများအတွက် လျော်ကြေးနှင့် တကွ ပြန်လည်စိုက်ပျိုးနိုင်သည်အထိ လယ်ယာမွမ်းမံပြင်ဆင်မှုများပြုလုပ်ပေးရန် သျှမ်းပြည် နယ် ဝန်ကြီးချုပ် စဝ်အောင်မြတ်ကိုယ်တိုင် ဂျန္နဝါရီ ၂၉ ရက် ၂၀၁၅ က ဒေသအတွင်းရောက်ရှိပြီး ကုမ္မဏီ များအားညွှန်ကြားထားသည်။

“ဝန်ကြီးချုပ် စဝ်အောင်မြတ် လဲလာတယ်။ လယ်ယာစိုက်ပျိုးရေးဝန်ကြီး၊ သစ်တောနဲ့ သတ္တုဝန်ကြီး အန်ကယ်စိုင်းအိုက်ပေါင်းလဲလာပြောတယ်။ ရွှေတူးဖေါ်နေတာတွေကို ရပ်တန့်ဖို့။ ဒါပေမယ့် ခုထက်ထိ မရပ်သေးဘူး။ ပြီးခဲ့တဲ့ ၃ ရက်နေ့က ကျမတို့ရွာသားတွေ သွားကြည့်တယ် တူးနေတုန်း” - ဟု ဆရာမ နန်းလာ ကပြောသည်။

အမည်မဖေါ်လိုသည့် ကုမ္မဏီပိုင်ရှင် အသိုင်းအဝိုင်းက လျော်ကြေးပေးနိုင်ရေးအတွက် ရွှေဆက်လက် တူးဖေါ်နေခြင်းကြောင်း၊ ရွှေတူးဖေါ်မှု ရပ်တန့်လိုက်လျှင် လျော်ကြေးအတွက်၊ လယ်ယာပြန်လည် ပြင်ဆင်ရေးစရိတ်အတွက် ငွေရေးကြေးရေးအခက်အခဲ ရင်ဆိုင်နေရကြောင်း ပြောသည်။

No comments: