Monday, February 9, 2015

ပြည်ထောင်စုဝန်ကြီးလာရောက်ညှိနိုင်း၍ ၀ှိုက်ကတ်မဲပေးခွင့် ဆန္ဒပြမည့် အစီအစဉ်ယာယီရပ်ဆိုင်း

နိရဉ္စရာ

ရန်ကုန်မြို့တွင် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် စတင်ပြုလုပ်မည့် ၀ှိုက်ကတ်ကိုင်ဆောင်သူများ မဲထည့်ခွင့် ပြုမည့် လွှတ်တော်၏ ဆုံးဖြတ်ချက်ကို ကန့်ကွက် ဆန္ဒပြပွဲ အစီအစဉ်အား ပြည်ထောင်စု အဆင့် ၀န်ကြီးများ မှ လာရောက် ညှိနိုင်းသဖြင့် ဆန္ဒပြမည့် အစီအစဉ်ကို ယာယီ ရပ်ဆိုင်းထားလိုက်သည်ဟု သိရသည်။

မဘသ ဆရာတော်ဦးပါမောက္ခက “ သာသနာရေးဝန်ကြီး အပါအ၀င် အစိုးရ ဌာနဆိုင်ရာ အစိုးရ အရာရှိကြီးတွေနဲ့ ဆရာတော်တို့နဲ့ လာရောက် ဆွေးနွေးညှိနိုင်းပါတယ်။ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မတိုင်မီ အရှင်ဘုရားတို့ ကျေနပ် နှစ်သက်အောင် နိုင်ငံတော် သမ္မတရုံးက နှစ်သက်တဲ့ အဖြေကို ရမယ်။ ၁၀ ရက်နေ့ထိ စောင့်ပါဆိုတဲ့ အတွက် ဆရာတော်တို့က သူတို့ မေတ္တာရပ်ခံချက်အရ ၁၀ ရက်နေ့ထိ စောင့်ဆိုင်းမယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်” ဟု နိရဉ္စရာ သတင်းဌာနသို့ မိန့်ကြားသည်။

ဝှိုက်ကတ်ကိုင်ဆောင်သူများကို ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆန္ဒခံယူပွဲများတွင် မဲထည့်ခွင့် မပြုရ၊ ၂၀၁၅ ရွေးကောက်ပွဲ အထွေထွေရွေးကောက်ပွဲများတွင် မဲထည့်ခွင့်မပြုရ၊ နောင်လာမည့် မည်သည့် ရွေးကောက်ပွဲတွင် ၀ှိုက်ကတ်ကိုင်ဆောင်သူများအား မဲထည့်ခွင့်မပြုရ ဆိုသည့် အချက်များမှာ မိမိတို့နှစ်သက်သော အဖြေများဖြစ်ကြောင်း ဆရာတော် ဦးပါမောက္ခက ပြောဆိုသည်။

၎င်းအစည်းအဝေးအား အင်းစိန်မြို့ ရွာမပရိပတ္တိစာသင်တိုက်တွင် ဖေဖော်ဝါရီလ ၆ ရက်နေ ညနေ ၇ နာရီခန့်တွင် ပြုလုပ်ခဲ့ပြီး သာသနာရေးဝန်ကြီး ဦးစိုးဝင်း၊ နိုင်ငံတော် သမ္မတရုံး ဒုဝန်ကြီး ဦးကျော်ကျော်ဝင်း၊ လ၀က ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်း အပါအ၀င် အစိုးရ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ယာယီ သက်သေခံလက်မှတ် မဲပေးခွင့်ပယ်ဖျက်ရေး ( White Card Campaign) ကော်မတီကို ဘက်မှ အင်းစိန်ဆရာတော်ကြီး တိလောကဘိဝံသ ၊ ဦးဝီရသူ၊ ဦးပါမောက္ခနှင့် ရခိုင်လူမှုအဖွဲ့အစည်းမှ ကိုညီညီမောင် အပါအ၀င် ခေါင်းဆောင်အချို့လည်း တက်ရောက်ခဲ့ကြသည်။

“ ဆရာတော်တို့က ၁၀ ရက်နေ့ထိ စောင့်ဆိုင်းမယ်။ သူတို့ ပြောသလို ၀ှိုက်ကတ်ကိုင်ဆောင်သူတွေကို မဲပေးခွင့်မပြုရင် ဘာဆန္ဒမှ မပြဘူး။ ၁၀ ရက်နေ့လဲ မပြဘူး။ ၁၁ ရက်နေ့လည်း မပြဘူး။ ဆရာတော်တို့ လိုလာတဲ့ အဖြေထွက်မလာဘဲ ၀ှိုက်ကတ် ကိုင်ဆောင်သူတွေကို မဲထည့်ခွင့်ပြုမယ်ဆိုရင် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့မှာ ဆန္ဒပြပွဲကို စတင်မယ်။ ရန်ကုန်မှာ ၇ ရက်ပြပြီး နေပြည်တော်ကို ချီတက်မယ်။ ပြည်သူ့ လွှတ်တော်ရှေ့ထိ ချီတက် ဆန္ဒပြမယ်” ဟု ဆရာတော်က ဆိုသည်။

ယင်းပြင် အစိုးရတာဝန်ရှိသူများက ယခုလက်ရှိ အချိန်မှာ ကျောင်းစာမေးပွဲ၊ ရဟန်းတော်မျာဒ၏ စာမေးပွဲလည်း နီးကပ်နေပြီ ဖြစ်ကြောင်း၊ ကျောင်းသားများကလည်း အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်သည့် အနေဖြင့် ဆန္ဒပြချီတက်လာနေကြကြောင်း၊ ၀ှိုက်ကတ်ကိုင်ဆိုင်သူများ မဲထည့်ခွင့်ပေးခြင်းကို မကျေနပ်သူများကလည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒပြကြမည်ဆိုလျှင် တိုင်းပြည် မတည်မငြိမ် ဖြစ်နိုင်သဖြင့် ဆန္ဒပြမည့် အစီအစဉ်ကို ရွေ့ဆိုင်းပေးပါရန် ပြောကြားခဲ့သည်ဟု သိရသည်။

ယခုအခါ ရန်ကုန်မြို့တွင် ၀ှိုက်ကတ် ကိုင်ဆောင်သူများ မဲထည့်ခွင့် ပယ်ဖျက်ရေး အတွက် ယာယီ သက်သေခံလက်မှတ် မဲပေးခွင့်ပယ်ဖျက်ရေး ( White Card Campaign) ကော်မတီကို ဖွဲ့စည်းထားပြီး လူပ်ရှားမှုများ ပြုလုပ်နေကြောင်း သိရသည်။

ရခိုင်ပြည်နယ် မြို့တော် စစ်တွေ အပါအ၀င် ပြည်နယ်အနှံ့ ၀ှိုက်ကတ် ပယ်ဖျက်ရေး ဆန္ဒပြပွဲကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ပြုလုပ်မည်ဟု သတင်း ရရှိသည်။

No comments: