စံမောင်သန်း
၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်သည့် ဥပဒေမူကြမ်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၌ ၀ှိုက်ကတ်ကိုင်ဆောင်သူများအား မဲပေးခွင့်ပြုရန် ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်ကို ရခိုင်ပြည်နယ် အတိုင်းအတာဖြင့် ဆန္ဒဖေါ်ထုတ် ကန့်ကွက်သွားမည်ဟု သိရသည်။
ဖဖေါ်ဝါရီလ ၅ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ စစ်ကဲတော်မင်းဘုန်းကြီးကျောင်းတွင်ပြုလုပ်သော အစည်းအဝေးက ယင်းသို့ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ယင်းဆန္ဒပြပွဲကို ကျယ်ကျယ်ပြန့်ပြန့်ဖြင့် အဖွဲ့အစည်းပေါင်းစုံ၊ ရခိုင်ပြည်နယ်ရှိ မြို့နယ်ပေါင်းစုံပါဝင်နိုင်ရန်နှင့် တိုင်းရင်းသားပေါင်းစုံဖြင့် တနိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒထုတ်ဖေါ် ပြသနိုင်ရန်အတွက် အဖွဲ့အစည်းသီးသီးမှ ပါဝင်သော ကော်မီတီတရပ်ကို ဖွဲ့စည်းခဲ့သည်ဟု သိရသည်။
ရန်ကုန်မြို့တွင်လည်း တိုင်းရင်းသားပေါင်းစုံပါဝင်သော ဆန္ဒပြပွဲတစ်ရပ်ကိုလည်း ဖေဖော်ဝါရီလ ၈ ရက်နေ့မှ စတင်ကာ ၇ ရက်တိုင်တိုင် ပြုလုပ်ရန် စီစဉ်လျှက်ရှိကြောင်းသိရသည်။
ရခိုင်ပြည်၌ပြုလုပ်မည့် ဆန္ဒပြပွဲတွင် လမ်းမပေါ်ထွက် ဆန္ဒပြပွဲအပြင် ၀ှိုက်ကတ်ကိစ္စပြည်ထောင်စုလွှတ်တော် ဆုံးဖြတ်ချက် လက်မခံဆိုသည့် စာကိုလည်း ရခိုင်ပြည်နယ် တစ်ပြည်နယ်လုံးရှိ အိမ်တိုင်းတွင်ကပ်မည်ဖြစ်ပြီး သာသနာ့အလံကိုလည်း လွှင့်ထူသွားရန်လည်း ဆုံးဖြတ်ခဲ့ကြသည်။
ယခင်က ပြည်ထောင်စု လွှတ်တော်အစည်းအဝေးဆုံးဖြတ်တွင် ၀ှိုက်ကတ်ကိုင်ဆောင်သူများ ဆန္ဒမဲပေးပိုင်ခွင့်မရှိ၊ အရွေးချယ် ခံပိုင်ခွင့်မရှိဟု ဆုံးဖြတ်ထားပြီးဖြစ်သော်လည်း ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မှတ်ချက် ပေးပြောကြားပြီး နောက်ပိုင်း ၀ှိုက်ကတ်ကိုင်ဆောင်သူများအား ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ဆင်သည့် ဥပဒေမူကြမ်းပြင်ဆင်သည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၌ မဲပေးခွင့်ပြုရန် ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့သည်။
ယင်းသို့ ဆုံးဖြတ်လိုက်ခြင်းသည် ပြည်ခိုင်ဖြိုးပါတီ၏ နိုင်ငံရေး ကစားကွက် တခုဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရေးအတွက် ပြင်ဆင်သည့် လုပ်ရပ် တစ်ခုအဖြစ် အစည်းအဝေးတက်ရောက်သူများက သုံးသပ်ပြောဆိုခဲ့ကြသည်။
“ယခုလို ၂၀၀၈ ဖွဲ့စည်းပုံမူကြမ်းပြင်ဆင်ရေးအတွက် ၀ှိုက်ကတ်ကိုင်ဆောင်သူတွေကို ဆန္ဒမဲပေးခွင့် ပေးလိုက်ရင် နောက် လာမည့် ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ၀ှိုက်ကတ်ကိုင်ဆိုင်သူတွေဟာ မဲပေးခွင့်ရသွားနိုင်မယ်။ ဒီကိစ္စဟာ ရခိုင်တွေကို သွေးတိုးစမ်းတဲ့ကိစ္စပဲ။ ရခိုင်ပြည်သူတွေအတွက် သေရေးရှင်ရေးကိစ္စပဲ ကျွန်တော်တို့ ရခိုင်တွေရဲ့ဆန္ဒကို ထုတ်ဖေါ်သွားရမည်။ လိုအပ်လာရင် အသက်ပေး တိုက်ပွဲဝင်သွားရမယ်”ဟု အစည်းအဝေးတက်ရောက်သူတစ်ယောက်ကပြောသည်။
ယခင်က ဖဆပလ မှ တရားမ၀င် ၀င်ရောက်သူဘင်္ဂလီများကို အမျိုးသားစိစစ်ရေးကတ်ထုတ်ပေးပြီး မဲပေးခွင့် အရွေးခံပိုင်ခွင့်ပြုခဲ့ရာ ဘင်္ဂလီမူဆလင်အမတ် ၄ ယောက်တက်လာသည်။ နောက်တစ်ခါ ၂၀၁၀ ခုနှစ်တွင်တစ်ကြိမ် ပြည်ခိုင်ဖြိုးပါတီက ၀ှိုက်ကတ်ထုတ်ပေးပြီး မဲပေးခွင့် အရွေးခံပိုင်ခွင့်ပေးခဲ့ရာ ဘင်္ဂလီမူဆလင်အမတ် ၃ ယောက်တက်လာသည်။ ယခုလည်း ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် မဲပေးခွင့်ပေးရမှ ၂၀၁၅ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်နှင့် အရွေးခံပိုင်ခွင့်ပေး၍ ရခိုင်နိုင်ငံရေးကို ကစားလာတော့မည်ဟု ရခိုင်သမိုင်း သုတေသီ မောင်ဗသိန်းကပြောသည်။
“မဲပေးပိုင်ခွင့်၊ အရွေးခံပိုင်ခွင့် နိုင်ငံတစ်ခုရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပိုင်ခွင့်ဟာ နိုင်ငံသားတွေပဲရတဲ့ အခွင့်အရေးဖြစ်တယ်။ နိုင်ငံခြားသားကို ဆန္ဒမဲပေးပိုင်ခွင့်၊ အရွေးခံပိုင်ခွင့် ခွင့်ပြုထားတာ ဘယ်နိုင်ငံမှာမှမရှိဘူး။ ဒီလိုမျိုးလုပ်ရပ်ဟာ မိမိတို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ချိုးဖေါက်ရာရောက်တယ်”ဟု ရခိုင်အမျိုးသမီးကွန်ယက်မှ ခေါင်းဆောင်တစ်ဦးက ယင်းအစည်းအဝေးတွင် ပြောကြားသည်။
ယင်းအစည်းအဝေးသို့ နန္ဒာရမဆရာတော်နှင့် ဗုဒ္ဓ၀ိဟာရဆရာတော်တို့က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ရခိုင်အမျိုးသားပါတီမှ ခေါင်းဆောင်တစ်ချို့၊ ရခိုင်သမိုင်းသုတေသီ မောင်ဗသိန်း၊ ဦးစိန်စောလှ၊ ဦးဝေစိန်အောင် အပါအ၀င် စစ်တွေအခြေစိုက် လူမှုအဖွဲ့အစည်းများ၊ ရဟန်းသံဃာများနှင့်၊ စိတ်ပါဝင်စားသူ စုစုပေါင်း ၇၀ ခန့်တက်ရောက်ခဲ့ကြသည်။
ယင်းအစည်းအဝေးကို ရခိုင်အမျိုးသမီးကွန်ယက်အဖွဲ့က ခေါ်ယူခဲ့ခြင်းဖြစ်ပြီး မွန်းလွဲ ၁ နာရီခွဲခန့်တွင် စတင်ကာ ညနေ ၄ ကျော်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။
ဝှိုက်ကတ်ကိုင်ဆောင်သူများ ဆန္ဒမဲပေးပိုင်ခွင့်နှင့်ပတ်သက်၍ ရခိုင်အမျိုးသားပါတီ၊ ၈၈ မျိုးဆက်များ လူမှုဖွံ့ဖြိုးရေးအဖွဲ့၊ ရခိုင်မျိုးဆက်သစ်နိုင်ငံရေးအင်အားစု၊ ရခိုင်အမျိုးသမီး ကွန်ယက်တို့ကလည်း သဘောထားထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

No comments:
Post a Comment