Tuesday, February 10, 2015

SMES အတွက် ဝင်ငွေခွန်ကင်းလွတ်ခွင့် သုံးနှစ်သက်တမ်း လုံလောက်မှု မရှိဟု လုပ်ငန်းရှင်များဆို

Mizzima

ပြည်တွင်း SMEs လုပ်ငန်းများ တိုးတက်စေရန် ဝင်ငွေခွန်ကင်းလွတ်ခွင့် သုံးနှစ်သက်တမ်းမှာ ယင်းလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် လုံလောက်မှု မရှိကြောင်း စက်မှုလုပ်ငန်းရှင်များက ပြောသည်။

၂ဝ၁၅-၁၆ ပြည်ထောင်စု အခွန်အကောက်ဥပဒေ၏ ပုဒ်မ ၂၉ တွင် ပြဆိုထားသည့် အသစ်ထူထောင်ထားသော စက်မှုလက်မှုကို အခြေခံသည့် SMEs လုပ်ငန်းများအတွက် လုပ်ငန်းစတင်သောနှစ် အပါအဝင် တစ်ဆက်တည်း သုံးနှစ်အတွင်း ဝင်ငွေ ကျပ်သိန်း ၅ဝ အထိ ဝင်ငွေခွန်ကင်း လွတ်ခွင့်ပြုသည်ဟု ဖော်ပြချက်အပေါ် လုပ်ငန်းရှင်များက သုံးသပ်ခြင်း ဖြစ်သည်။

တောင်ဒဂုံရှိ မော်တော်ယာဉ် အစိတ်အပိုင်းများ ထုတ်လုပ်သည့် လုပ်ငန်းရှင် ဦးစိုးဝင်းက ''တကယ်တော့ အခွန်ဥပဒေမှာ ပေးထားတဲ့ အခွန်ကင်းလွတ်ခွင့်ဆိုတာ စက်ရုံတစ်ခုတည်ဆောက်တဲ့ သက်တမ်းနဲ့ပဲ ကြည့်ရင် ဘာမှအားရစရာမရှိပါဘူး။ အမှန်ဆိုရင် ဒီ့ထက်သက်တမ်းပိုသင့်တယ်'' ဟု ဆိုသည်။

ယင်းအခွန်အကောက် ဥပေဒပုဒ်မ ၂၉ တွင် ဆက်လက်ဖော်ပြထားသည်မှာ အခွန်ကင်းလွတ်ခွင့်သက်တမ်း သုံးနှစ်တွင် ဝင်ငွေ ကျပ်သိန်း ၅ဝ ထက် ပိုမိုရရှိပါက ပိုမိုရရှိသည့် ဝင်ငွေအပေါ်တွင်သာ ဝင်ငွေခွန်စည်း ကြပ်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်က ''လုပ်ငန်းရှင်တွေ ပြောသလိုပဲ တကယ်ဝင်ငွေခွန် သုံးနှစ်သက်တမ်းဆိုတာ စက်မှုလုပ်ငန်းတစ်ခုအတွက် တကယ် cover ဖြစ်နိုင်လောက်တဲ့ကာလမဟုတ်ပါဘူး။ ဒါပေမယ့် အရင်နှစ်တွေထက်စာရင်တော့ လုပ်ငန်းရှင်တွေအတွက် ပိုပြီးစဉ်း စားပေးထားတယ်လို့တော့ မြင်ပါတယ်'' ဟု ဆိုသည်။

လာမည့် ၂ဝ၁၅ နှစ်ကုန်တွင် အာဆီယံ စီးပွားရေး အသိုက်အဝန်း အကောင်အထည်ဖော်မည်ဖြစ်ရာ မြန်မာနိုင်ငံအတွင်းရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများ မည်မျှအထိ တောင့်ခံနိုင်စေရန် ပြည်တွင်းရှိ ဥပဒေများ ကောင်းမွန်ပြည့်စုံရန် လိုအပ်နေကြောင်း SMEs လုပ်ငန်းရှင်များက ပြောသည်။

အာရှ၏ စီးပွားရေး အင်အားကြီးနိုင်ငံ တစ်ခုဖြစ်သည့် တရုတ်နိုင်ငံတွင် ကမ္ဘာ့စီးပွားရေး ဈေးကွက်ဖြင့် မည်မျှ ပင်ချိတ်ဆက်နေကာမူ ပြည်တွင်းသုံးစွဲရန် တင်သွင်းသည့် နိုင်ငံခြားပစ္စည်းများကို စားသုံးသူအကျိုး ကာကွယ်ရေး ဥပဒေများဖြင့် ကန့်သတ်ထားသကဲ့သို့ ပြည်တွင်းလုပ်ငန်းများအတွက် ယင်းကဲ့သို့ ဥပဒေများ လည်းလိုအပ်ကြောင်း အဆိုပါလုပ်ငန်းရှင်များက ထင်မြင်သုံးသပ်သည်။

No comments:

Post a Comment