Tuesday, March 3, 2015

မင်းအုပ်စိုးအမှု ဒုတိယအကြိမ် ရုံးချိန်း မစစ်ဆေးဖြစ်

ကျော်စိုးမိုး

လူသတ်မှုဖြင့် စွပ်စွဲခံထားရသည့် သရုပ်ဆောင် မင်းအုပ်စိုး၏ ဖေဖော်ဝါရီ ၂၅ ရက် ဒုတိယအကြိမ် ရုံးချိန်းတွင် အမှုစစ်ဆေးသည့် တရားသူကြီး အပြောင်းအလဲကြောင့် မစစ်ဆေးဖြစ်ဘဲ ရုံးချိန်းထပ်မံ ချိန်းဆိုလိုက်သည်ဟု အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်သိန်းက ပြောသည်။

လူသတ်မှုဖြင့် တရားစွဲခံထားရသည့် သရုပ်ဆောင် မင်းအုပ်စိုးကို ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းတွင် အနောက်ပိုင်းခရိုင် တရားရုံး၌ ရုံးထုတ်ခဲ့ပြီး အမှုကို ကိုင်တွယ်စစ်ဆေးနေသည့် ဒုတိယ ခရိုင် တရားသူကြီး (၂) ၏ တရားရုံး အပြောင်းအလဲကြောင့် ရုံးချိန်းထပ်မံ ချိန်းဆိုလိုက်သည်။

အမှုအတွက် တရားလိုပြသက်သေ ၁၂ ဦးခန့် စစ်ဆေးရန် တင်သွင်းထားသည်ဟုလည်း ၄င်းက ဆိုသည်။ အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ ရက်၊ နံနက် ၂ နာရီခွဲဝန်းကျင်က ဗဟန်း မြို့နယ်၊ ဗိုလ်ချိုရပ်ကွက်၊ ဖိုးစိန်လမ်းတွင် ရှိသည့် သရုပ်ဆောင်မင်းအုပ်စိုး၏ နေအိမ်တွင် သရပါ မဂ္ဂဇင်း အယ်ဒီတာ မနုနုရင်(ခ) တေးနုရင်ကို လူမှုရေးကိစ္စ မေးမြန်းရာမှ မေးမရသဖြင့် မင်းအုပ်စိုး ထိုးကြိတ်ရိုက်နှက်ခဲ့ရာမှ မနုနုရင် သေဆုံးခဲ့၍ ဗဟန်းမြို့မရဲစခန်းမှ ရဲအရာခံ လင်းထွဋ်က တရားလိုပြုတိုင်တန်းခဲ့ခြင်း ဖြစ်သည်။

No comments: