Tuesday, March 3, 2015

အလားအလာရှိ ပြည်ပ ပို့ကုန်လုပ်ငန်းများ လည်ပတ်ရန် အခက်အခဲရှိပါက အစိုးရက ထောက်ပံ့ကူညီမည်ဟုဆို

ဖြိုး

ပြည်ပပို့ကုန် အလားအလာရှိသည့် ကုန်စည်များအနေဖြင့်လုပ်ငန်းဆက်လက် လုပ်ကိုင်ရာတွင် အခက်အခဲရှိပါက အစိုးရဘက်မှ ထိရောက်သည့် အကြံဉာဏ်များနှင့် ကူပံ့မှုများပေးမည်ဖြစ်ကြောင်း နေပြည်တော် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ ဒု-ညွှန်ကြားရေးမှူး ဦးအောင်စိုးက ပြောသည်။

ကျေးလက်ဒေသ အသေးစားထုတ်ကုန်များနှင့် ပြည်ပပို့ကုန်အလားအလာရှိသော ကုန်စည်များပြပွဲကို မန္တလေးမြို့ အမျိုးသား ကဇာတ်ရုံတွင် ဖေဖော်ဝါရီ ၂၆ ရက်တွင် စတင်ဖွင့်လှစ်ပြသခဲ့ရာ ၎င်းက အဆိုပါ ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနား တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

''လုပ်နေတဲ့ လုပ်ငန်းတွေမှာ ဆက်လုပ်လို့ မရတော့ဘူး၊ ထစ်ငေါ့နေတာတွေကို ဦးစားပေးဖြေရှင်း ပေးချင်ပါတယ်၊ ပြည်ပပို့ဖူးတဲ့ ကုန်စည်ဖြစ်စေ၊ အလားအလာရှိတဲ့ ကုန်စည်ဖြစ်စေ အခက်အခဲရှိရင် တခါတည်း အဆိုပြုပေးပါ ဝိုင်းစဉ်းစားပေးပါ့မယ်'' ဟု ၎င်းက ဆိုသည်။

အဆိုပါ ကုန်စည်ပြပွဲကို ဖေဖော်ဝါရီ ၂၆ မှ ၂၈ ရက်အထိ မန္တလေး အမျိုးသားကဇာတ်ရုံတွင် ပြုလုပ်သွားမည်ဖြစ်ရာ ပြပွဲကျင်းပသည့် သုံးရက်တိုင်တိုင် ပြည်ပပို့ကုန်များ၊ အသေးစား အလတ်စားလုပ်ငန်း များနှင့် ကျေးလက်ဒေသ ထွက်ကုန်များနှင့် ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပသွားမည် ဖြစ်သည်။

ထို့ကြောင့် ပြပွဲတွင် ခင်းကျင်းရောင်းချရင်း အလုပ်ရုံဆွေးနွေးပွဲတက်ရောက်ကာ မိမိလုပ်ငန်းများမှ အခက် အခဲများကို ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာနနှင့် ဆွေးနွေးကာ အကြံဉာဏ်များ ရယူနိုင်မည်ဟု ဆိုသည်။

၎င်းကုန်စည်ပြပွဲကို တစ်နှစ်လျှင် တစ်ကြိမ်ကျင်းပပြုလုပ်လျက်ရှိရာ အဓိကအားဖြင့် ပြည်ပပို့ကုန် အလားအလာရှိသည့် ကုန်စည်များ၏ ဈေးကွက်ကျယ်ပြန့် လာစေရန်နှင့် ဒေသတွင်းမှ ကုန်စည်တစ်ခု နှင့်တစ်ခု ပိုမို သိရှိကာ ဈေးကွက်ရရှိလာစေရန် ရည်ရွယ်သည်ဟု မန္တလေးတိုင်းကုန် သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မန္တလေးတိုင်းအတွင်း ဒေသထွက်ကုန်များ ပြသရောင်းချသော်လည်း ယခုနှစ်တွင် စစ်ကိုင်းတိုင်းနှင့် မွန်ပြည်နယ်တို့မှ ဒေသထွက်ကုန်များ ပါဝင်ရောင်းချလာသည်ကို တွေ့ရှိရသည်။

၎င်းကုန်စည်ပြပွဲကို မန္တလေးတိုင်း ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန၊ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်း၊ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း (မန္တလေး)၊ သစ်သီးဝလံစိုက်ပျိုး ထုတ်လုပ်တင် ပို့ရောင်းချသူများ အသင်း၊ လူသုံးကုန်ဆေးဝါးနှင့် အလှကုန်ထုတ်လုပ် ရောင်းဝယ်သူများ အသင်းတို့ ပူးပေါင်းကာ ကျင်းပခြင်း ဖြစ်သည်။

No comments: