ဘုန်းမြတ်
ကိုးကန့် တိုက်ပွဲများတွင် ပါဝင်ကူညီနေသည် ဆိုသော တပ်မတော်၏ စွပ်စွဲချက်သည် မမှန်ကန်ကြောင်း ၀ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) အဖွဲ့က ငြင်းဆိုသည့် စာကို သမ္မတ ဦးသိန်းစိန်ထံသို့ ပေးပို့ကြောင်း သတင်းရသည်။
ကိုးကန့်တပ်ဖွဲ့များကို UWSA အဖွဲ့မှ ထုတ်လုပ်သည့် ချေမှုန်းရေး ရိုင်ဖယ်၊ လက်ပစ်ဗုံး၊ မိုင်း၊ လောင်ချာ၊ စိန်ပြောင်းများ တပ်ဆင် ထားရှိပေးထားကြောင်း ဖေဖော်ဝါရီ ၂၁ ရက်က နေပြည်တော်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် အစိုးရ တပ်မတော် က ပြောကြားမှုအပေါ် ဖေဖော်ဝါရီ ၂၆ ရက်က သမ္မတ ထံသို့ စာပို့၍ ငြင်းဆိုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
UWSA အဖွဲ့ ပြောခွင့်ရ ဦးအောင်မြင့်က“ကျနော်တို့ သမ္မတကြီးဆီ မနေ့က စာ ၁ စောင်ပို့လိုက်ပြီ။ ဒီအထဲမှာ ကျနော်တို့ ပါဝင်တယ် ဆိုပြီး ဆွဲထည့်တာဟာ မှန်ကန်မှုမရှိဘူး။ အခုကိစ္စပေါ်မှာ စွပ်စွဲတာက ရှမ်းပြည်မှာရှိတဲ့ အဓိက အဖွဲ့တွေ အကုန်ပါတယ်။ အဲဒီတော့ ဒီငြိမ်းချမ်းရေးက ဘယ်လိုဆောင်ရွက် မလဲ။ ဒါက နိုင်ငံတော် အစိုးရဘက်က သုံးသပ်ရမှာပေါ့”ဟု ဧရာဝတီ သို့ ပြောသည်။
ကာကွယ်ရေးဦးစီးချုပ် ရုံးမှ ဒု ဗိုလ်ချုပ်ကြီး မြထွန်းဦး ဦးဆောင် ပြုလုပ်သည့် ဖေဖော်ဝါရီ ၂၁ ရက်က သတင်းစာ ရှင်းလင်းပွဲ၌ လက် ရှိဖြစ်ပွားနေသည့် ကိုးကန့် တိုက်ပွဲတွင် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(MNDAA) ကိုးကန့် တပ်ဖွဲ့သည် ၎င်း တို့ နယ်မြေကို ပြန်လည်ရယူနိုင်ရေး အတွက် စစ်ရေး၊ နိုင်ငံရေး နည်းလမ်းများဖြင့် လူ၊ လက်နက် အင်အားတောင့်တင်းရန် ဆောင် ရွက် ခဲ့ကြောင်း ပြောကြားထားသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် ကိုးကန့်တပ်ဖွဲ့ တဖွဲ့တည်းအနေဖြင့်မဟုတ်ဘဲ၊ အခြားသော အဖွဲ့အစည်းများဖြစ်သည့် ကချင်လွတ် လပ်ရေး တပ်မတော် (KIA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA)၊ မိုင်းလား တပ်ဖွဲ့ (NDAA-ESS)၊ UWSA နှင့် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) အဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက် ခဲ့ခြင်း ဖြစ်ပြီး ကိုးကန့်တိုက်ပွဲ အတွင်း UWSA ထုတ် လက်နက်များကို သိမ်းဆည်းရမိကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား ခဲ့ခြင်း ဖြစ်သည်။
မိုင်းလားအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးခမ်းမောင်က“နေပြည်တော်မှာ ကာကွယ်ရေး ဦးစီးချုပ်နဲ့တွေ့တော့ ဒီကိစ္စမှာ ကျနော်တို့တွေ မပါဘူးလို့ ပြောခဲ့တယ်။ ဒါကို အခုလို စွပ်စွဲတော့ ကျနော်တို့ စိတ်မကောင်းဖြစ်ရတယ်။ ဒါနဲ့ ပတ်သက်ပြီး ကျနော်တို့ သဘောထား ကို ထုတ်ပြန်သွားဖို့ ရှိပါတယ်”ဟု ဧရာဝတီ သို့ ပြောသည်။
တပ်မတော်၏ ထုတ်ပြန်ချက်များနှင့်ပတ်သက်ပြီး SSPP/SSAအဖွဲ့ကလည်း ဖေဖော်ဝါရီ ၂၃ ရက်က ကြေညာချက် တစောင် ထုတ်ပြန်၍ လက်ရှိ ဖြစ်ပွားနေသည့် ကိုးကန့် အရေးတွင် ၄င်းတို့ မပါဝင်ကြောင်း ငြင်းဆိုထားသည်။
တပ်မတော်နှင့် ကိုးကန့် တပ်ဖွဲ့ကြား လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် ရှမ်းပြည်နယ်အခြေစိုက် လှုပ်ရှားနေသည့် တိုင်းရင်း သား လက်နက်ကိုင်တချို့က ကိုးကန့်အဖွဲ့ကို ကူညီပေးနေကြောင်း အစိုးရတပ်မတော်က မီဒီယာများမှတဆင့် ရှင်းလင်း ပြောကြား ထားပြီး ယင်းကဲ့သို့ ပြောဆိုမှုကို တိုင်းရင်းသား အဖွဲ့များကလည်း ပြန်လည် ငြင်းဆိုထားသည်။
အစိုးရ သတင်းစာများတွင်မူ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က လောက်ကိုင် ဒေသအတွင်း အင်အား ဖြည့်တင်းရန် ချီတက်လာသည့် အစိုးရ စစ်ကြောင်းကို KIA နှင့် ရှမ်းပြည် တပ်မတော်(SSA) ၀မ်ဟိုင်း အဖွဲ့က အလစ်အငိုက် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

No comments:
Post a Comment