Monday, March 2, 2015

စစ်တွေအန်ဂျီအိုရုံးများ တိုက်ခိုက်မူဖြင့် လူ ၇ ဦးကို ထောင်ချ

စံမောင်သန်း

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ၂၀၁၄ ခုနှစ် မတ်လတွင် ဖြစ်ပွားခဲ့သော INGO ရုံးများ တိုက်ခိုက်ရာ တွင် ပါဝင် ပတ်သက်သည်ဟု စွပ်စွဲ ဖမ်းဆီးခံထားရသူ (၁၀) ဦးကို ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့က စစ်တွေတရားရုံးမှ အမိန့် ချမှတ်ခဲ့သည်။

အမိန့်ချမှတ်ရာတွင် ၁၀ ဦးထဲမှ ၇ ဦးမှာ ပြစ်မှု ထင်ရှားသည်ဟု ဆိုကာ ထောင် ၁ နှစ်စီ ချမှတ်လိုက်ပြီး ကျန် ၃ ဦးမှာ ပြစ်မှုထင်ရှားမှုမရှိဟု ဆိုကာ မြို့နယ် တရားရုံးက တရားသေ လွတ်ပေးလိုက်သည်။

ထောင် ၁ နှစ် ချခါရသူများမှာ ဒေါ်ခင်ချိုချို၊ မောင်စောလှိုင် (ခ) မောင်လှချေ၊ ဦးသိန်းမောင်၊ ဦးခင်ဝင်း၊ ဒေါ်ခင်နုချေ၊ မောင်ညီညီစိုးနှင့် မောင်လှချေတို့ဖြစ်ကြောင်း သိရသည်။

လွတ်မြောက်လာသူ ၃ ဦးမှာ ဒေါ်ခင်မြ၀င်း၊ ဒေါ်သိန်းခင်အေးနှင့် ဦးမောင်သိန်းဝေတို့ဖြစ်ကြသည်။

သူတို့အမှုကို ပုဒ်မ ၁၄၈၊ ၄၅၂၊ ၄၂၇ တို့ဖြင့် စွဲချက်တင်ထားခဲ့သော်လည်း အမိန့်ချမှတ်သည့်အခါ ပုဒ်မ ၁၄၇၊ ၄၅၁၊ ၄၂၇/၁၁၄ တို့ဖြင့် ချမှတ်ခဲ့ကြောင်း သိရသည်။

ယင်းပုဒ်မသုံးခုအနက် ပုဒ်မတစ်ခုစီအတွက် တစ်နှစ်စီကျခံရန်သတ်မှတ်သော်လည်း တစ်ပေါင်းတည်း တစ်နှစ်သာ ကျခံစေရန် တရားသူကြီးက အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

၂၀၁၄ ခုနှစ် မတ်လက ဖြစ်ပွားခဲ့သော စစ်တွေမြို့ရှိ INGO ရုံးများ တိုက်ခိုက်မှုတွင် အိမ် ၂၉ လုံးအဖျက်ဆီးခံခဲ့ရသည်။ ဓည၀တီရပ်ကွက်တွင် INGO ရုံး တစ်ခု ဖျက်ဆီးခံခဲ့ရပြီး အိမ်ပိုင်ရှင်ဖြစ်သူ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ယင်းရပ်ကွက်နေ လူ ၁၂ ဦးကို အိမ်ဖျက်ဆီးရာတွင် ပါဝင်ခဲ့သည်ဟု စွပ်စွဲကာ တရားစွဲဆိုခဲ့သည်။

ဖမ်းဆီးပြီးမကြာမီ အသက် ၇၀ ကျော် ဒေါ်မအေးမှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ဦးမောင်သိန်းမှာ နာမကျန်းဖြစ်၍ အမှုကိုရင်ဆိုင်ရင်း ထောင်ထဲ၌ ကွယ်လွန်ခဲ့ကြောင်း သိရသည်။

ကျန်ရစ်သူ ၁၀ ဦးထဲမှ မောင်ညီညီစိုးမှာ နာမကျန်းဖြစ်ပြီး ထောင်ထဲမှနေ၍ ဆေးရုံ ၃ ကြိမ် တက်ခဲ့ရသည်ဟု ဆွေမျိုးတစ်ဦး၏ပြောပြချက်အရသိရသည်။

နောက်ပိုင်းတွင် အပြင်၌ ဆေးကုသမှုခံယူရန် အာမခံရရှိပြီး ဆေးဝါးကုသမှု ခံယူနေဆဲဖြစ်သည်ဟု သိရသည်။

“ဆရာဝန်ဆီ သွားစစ်ဆေးတော့ အသဲရောင် အသားဝါရှိတယ်လို့ ပြောပါတယ်။ အခု အသဲအားတိုးဆေး သောက်နေရပါတယ်”ဟု ကိုညီညီစိုး၏ ဆွေမျိုးတော်သူ တစ်ဦးက နိရဉ္စရာသတင်းဌာနသို့ပြောသည်။

ထောင်ဒဏ် ၁ နှစ်စီချမှတ်ခြင်းခံခဲ့ရသော်လည်း အာမခံဖြင့် နေခဲ့ရသူ ကိုညီညီစိုးက လွဲ၍ ကျန်သူများမှာ လွတ်ရက်နှင့်နီးနေပြီဖြစ်သဖြင့် စိတ်သက်သောင့်သက်သာ ဖြစ်ရပါသည်ဟု ထောင်ဒဏ် ကျခံရသူတစ်ဦးကပြောသည်။

No comments:

Post a Comment