နန်းလွင်နှင်းပွင့်
လူမှု ဆက်သွယ်ရေး ကွန်ရက် Facebook စာမျက်နှာတွင် တပ်မတော်ကို သရော်သည့် ဓာတ်ပုံ ကူးယူတင်မိသဖြင့် ထိန်းသိမ်းခံနေရသည့် အလွတ်တန်း သတင်းထောက် ကိုအောင်နေမျိုးသည် မုံရွာရဲစခန်းက ယနေ့ ၁ နာရီခွဲအချိန်တွင် ပြန်လည် လွတ်မြောက်လာကြောင်း သတင်းရရှိသည်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၃ နာရီ ၀န်းကျင်တွင် မူးယစ်ဆေးဝါးအမှုဖြင့် တိုင်ကြားထားသူ ရှိသည်ဟုဆိုကာ မုံရွာမြို့နယ် ရဲတပ်ဖွဲ့က သူ၏နေအိမ်ကို ၀င်ရောက် ရှာဖွေခဲ့ပြီးနောက် Facebook တွင် တပ်မတော်ဆိုင်ရာ ရုပ်ရှင်ပိုစတာတခုကို ဖြတ်ညှပ်ကပ် ဟာသလုပ်ထားသည့်ပုံ တွေ့ရှိမှုဖြင့် ကိုအောင်နေမျိုးကို ထိန်းသိမ်းခဲ့သည်။
ပြန်လွတ်လာသည့် ကိုအောင်နေမျိုးက “တခြား မေးမြန်းတာမျိုးတော့ မရှိဘူး၊ Facebook က တင်တဲ့ ပို့စ်တွေက ဘယ်လိုလဲ၊ ကြက်ဖကြီးနဲ့ ဘယ်လိုသိလဲ မေးတယ်။ ခေါ်ယူဆွေးနွေးတာပါ၊ သူတို့ကို နားလည် ပေးပါလို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ကိုအောင်နေမျိုးအား ထိန်းသိမ်းခံထားရသည့် ၃ ရက်တာ ကာလအတွင်း မည်သို့ မည်ပုံ စစ်ဆေးသည်နှင့် မည်သည့် အကြောင်းကြောင့် ပြန်လည် လွှတ်ပေးသည် ဆိုသည်မှာ အသေးစိတ် မရှင်းလင်းသေးပါ။
ယနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့မှ တချို့က ကိုအောင်နေမျိုး ထိန်းသိမ်းခံရမှုနှင့် ပတ်သက်၍ သွားရောက် စုံစမ်းမေးမြန်းခဲ့ကြောင်း သိရသည်။
ကိုအောင်နေမျိုး ပြန်လည်လွတ်ရေး သွားရောက်ကူညီခဲ့သူ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဥပဒေရေးရာ ဒုတိယ တာဝန်ခံ ဦးလင်းက “ကျနော်တို့ မုံရွာ ခရိုင်ရဲရုံးကို လိုက်သွားတယ်။ သူတို့ဘက်က ဘာမှ သေချာ အတိအကျ မပြောဘူး။ သက်ဆိုင်ရာကလည်း အတည်မပြုဘူး။ ကျနော် ထင်တာတော့ အမှု မတည်ဆောက်ဖြစ်ဘူး ဖြစ်မယ်” ဟု ဧရာဝတီကို ပြောသည်။
ကိုအောင်နေမျိုး ပြန်လည် လွတ်မြောက်လာသော်လည်း ၎င်းကို လာရောက် ခေါ်ဆောင်စဉ် မုံရွာရဲတပ်ဖွဲ့က သိမ်းယူသွားသည့် ကွန်ပျူတာ၊ ဖုန်း၊ မန်မိုရီကဒ်များနှင့် CCTV ကင်မရာတို့မှာ ပြန်လည် မရရှိသေးကြောင်း သိရသည်။
Facebook တွင် “ကြက်ဖကြီး” အမည်ဖြင့် ကွမ်းလုံရက် ၄၀ တိုက်ပွဲ ရုပ်ရှင်ပိုစတာကို ကွန်ဒုံရက် ၄၀ ဟူသည့် စာသားဖြင့် ဖြတ်ညှပ်ကပ် ဓာတ်ပုံတခုကို ကိုအောင်နေမျိုးက ၎င်း၏ Facebook စာမျက်နှာတွင် ပြန်လည်တင်ခဲ့သည်။
၁၉၇၁ ခုနှစ်အတွင်း တပ်မတော်နှင့် ဗမာပြည် ကွန်မြူနစ်ပါတီတို့ကြား ရက် ၄၀ ကြာ ဖြစ်ပွားခဲ့သည့် ကွမ်းလုံ တိုက်ပွဲကို သမိုင်းဝင် တိုက်ပွဲအဖြစ် ဂုဏ်ပြု ရိုက်ကူးထားသည့် “ကွမ်းလုံရက် ၄၀” ဇာတ်ကားကို သရော်ထားခြင်း ဖြစ်သည်။
ထိုဖြတ်ညှပ်ကပ်ပုံကို အကြောင်းပြု၍ ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (က)/(င) တို့နှင့် အရေးယူရန် မုံရွာမြို့နယ် ရဲသတင်းတပ်ဖွဲ့မှ ရဲမှူး မြင့်လွင်က မုံရွာ ရဲစခန်းကို တိုင်ကြားခဲ့ကြောင်း အွန်လိုင်းပေါ် ရောက်ရှိလာသည့် တိုင်ကြားစာတွင် ဖော်ပြထားသည်။
စီစဉ်သူ – ဦးသိန်းစိန်၊ ၀တ္ထု – သန်းရွှေ၊ ဇာတ်ညွှန်း- ကြိုင်ကြိုင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ စီစဉ်သည့် မိုးလုံးပြည့် ၀ါဒမှိုင်းတိုက်သော ဇာတ်ကြမ်း “ကွန်ဒုံ ရက် ၄၀” ဟု ရေးထားသည့် ဖြတ်ညှပ်ကပ် ဓာတ်ပုံမှာ နိုင်ငံတော်အစိုးရအား မေတ္တာပျက်စေရန်၊ စည်ကမ်းဖီဆန်ရန်၊ ၀တ္တရား ဆောင်ရွက်မှုကို ယုတ်လျော့စေရန်၊ ထိခိုက်စေရန်၊ ပျက်စီးစေရန် မမှန်သတင်းလွှင့်ရန် ကြံရွယ်သည့် ကိစ္စဖြစ်သဖြင့် အရေးယူပေးပါဟု ရဲမှူး မြင့်လွင်၏ တိုင်ကြားစာတွင် ပါရှိသည်။

No comments:
Post a Comment