Monday, May 25, 2015

တရားစွဲလျှင်လည်း အာမခံ ယူမည် မဟုတ်ဟု ဦးကိုကိုကြီး ပြော

ထွန်းထွန်း

တာင်ဥက္ကလာပမြို့နယ်၊ ၉ ရက်ကွက်အတွင်း ဝေဇယန္တာလမ်းနှင့် သစ္စာလမ်းထောင့်ရှိ မြေနေရာအား ကလေးကစားကွင်း အဖြစ် ပြန်လည်ထားရှိပေးရန် ၂၀၁၄ ဒီဇင်ဘာ ၂၁ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့မှုကြောင့် ဦးကိုကိုကြီးနှင့် ၄ ဦးအား တောင်ဥက္ကလာပ ရဲစခန်းက စီတန်းလည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ထားသည်။

၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ဦးကိုကိုကြီးက “ဒီကိစ္စ အမှုဖွင့်ထားတယ်ဆိုတာ မနေ့ကမှ အကြောင်းကြားစာ ရောက်လို့ သိတာ၊ တရားစွဲရင်လည်း အာမခံမယူပါဘူး” ဟု အမှုပတ်သက်၍ ပြောကြားခဲ့သည်။

ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူ ၅ ဦးကို အမှုဖွင့်ထားသော်လည်း ၄ ဦးကိုသာ ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဦးကိုကိုကြီးကို ၅ လအကြာ ယခုနှစ် မေလ ၂၂ ရက်နေ့ရောက်မှသာ ခေါ်ယူမေးမြန်းခြင်း ဖြစ်သည်။

ယခင်က ရပ်ကွက်ကစားကွင်း ဖြစ်သည့် ၎င်းမြေနေရာအား ၁၉၉၆-၉၇ ခုနှစ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းပိုင်အဖြစ် ဂရန်ရရှိခဲ့ပြီးနောက် ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကြံ့ခိုင်ရေး ပါတီပိုင်အဖြစ် ဂရန်အမည်ပေါက် ပြောင်းလဲခဲ့ကြောင်း သိရသည်။

ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင်၊ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက “ဒီကိစ္စက သူဟာသူ သက်ဆိုင်ရာက ဥပဒေအရ လုပ်နေတာကို ကျနော့်အနေနဲ့ ဘာမှ မပြောလိုပါဘူး” ဟု ပြောသည်။

ဆန္ဒထုတ်ဖော်မှုကို ရဲစခန်းက သတ်မှတ်ထားသည့် ဟစ်တိုင်နေရာတွင် ခွင့်ပြုပေးခဲ့သော်လည်း ရပ်ကွက်နေပြည်သူများက ဒုတိယအကြိမ်အဖြစ် ဒီဇင်ဘာ ၂၁ ရက်က လက်ရှိ ဆောက်လုပ်နေသော ကစားကွင်းဟောင်းနေရာမှ မြို့နယ်စည်ပင် ရုံးရှေ့အထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

ဆန္ဒထုတ်ဖော်မှုကြောင့် ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခံထားရသူ ဦးအောင်မော် (ခ) စစ်အောင်က “ဟစ်တိုင်မှာ ခွင့်ပြုပေမယ့် ကျနော်တို့က လူအများသိအောင် ဒီနေရာမှာပဲ လုပ်ခဲ့တာ၊ သူ့ (ဦးကိုကိုကြီး) ကိုတော့ အခုမှခေါ်တာ၊ ကျနော်တို့ ၄ ယောက်ကတော့ ကိုယ်ပိုင်ခံဝန် လုပ်ထားရတယ်” ဟု ဖြစ်စဉ်ကို ပြောပြသည်။

ကြံ့ခိုင်ရေးပါတီက ၎င်းမြေနေရာတွင် မြို့တော်စည်ပင်၏ ခွင့်ပြုချက်ဖြင့် အဆင့်မြင့် ၈ ထပ်ခွဲ တိုက်အဖြစ် လုပ်ငန်းစတင် ဆောက်လုပ်လျက် ရှိသည်။

အဆိုပါမြေနေရာမှာ ၁၉၈၈ စစ်တပ်အာဏာသိမ်းပြီးသည်အထိ ကလေးကစားကွင်း အဖြစ်သာ တည်ရှိခဲ့ကာ နောက်ပိုင်းတွင် ကြံ့ခိုင်ရေး အသင်း၊ ပါတီ အဆင့်ဆင့် လွဲပြောင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ လက်ရှိဆောက်လုပ်နေမှု ရပ်ဆိုင်းကာ ကစားကွင်း ပြန်ဖြစ်သည်အထိ လက်ဆက် လုပ်ဆောင်မည်ဖြစ်ကြောင်း ဦးကိုကိုကြီးက ပြောသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေတွင် နိုင်ငံပိုင် အဆောက်အအုံကို ပါတီပိုင် အဆောက်အအုံအဖြစ် လည်းကောင်း၊ ပါတီ၏ စီးပွားအလို့ငှာလည်းကောင်း အသုံးမပြုရန် ဖော်ပြထားသည်။

No comments: