မာန်ယုကျော် (ရွှေဝမြေ)
မလ ၂၁ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းနှင့် စစ်တွေ ဒေသခံများတွေ့ဆုံပွဲတွင် စီးပွားရေး တိုးတက်မှု လျင်မြန်စေရန်အတွက် ပုဏ္ဏားကျွန်း-ပေါက်တော မြစ်ကူး တံတား တစ်စင်းထိုးပေးရန် တောင်းဆိုခဲ့သည်ဟု သတင်းရရှိသည်။
စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီခန့် ဒုသမ္မတနှင့် တွေ့ဆုံမှု ပြုလုပ်စဉ် ရခိုင် လူထုကိုယ်စား စစ်တွေမြို့မိမြို့ဖအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးသာပွင့်က တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
“ဧရာဝတီမြစ်တစ်လျှောက်လုံးမှာ ဧရာဝတီမြစ်ကူးတံတား ၇ စင်း၊ ၈ စင်း၊ ၉ စင်း ဆောက်လုပ်ပေးနေပြီးတော့ ရခိုင်ပြည်နယ်မှာကျတော့ ကုလားတန်မြစ်ကူးတံတားတစ်စင်းပဲတည်ဆောက်ပေးထားတယ်။ နောက်တစ်စင်း ဆောက်ဖို့ဟာကျတော့ ဘတ်ဂျက် အကုန်အကျများမယ်ဆိုတဲ့စကားဟာ ကျနော်တို့တိုင်းရင်းသားတွေဘက်က နားထောင်ရတာ နည်းနည်း မသက်မသာဖြစ်ပါတယ်”ဟု ဦးသာပွင့်က ပြောဆိုသည်။
ရခိုင်တွင် ဆက်သွယ်သွားလာမှုလွယ်ကူစေရန် စစ်တွေနှင့်ရန်ကုန်သို့ ကားလမ်းမကြီး ဖောက်လုပ် ထားသည်မှာ မှန်သော်လည်း ရန်ကုန်နှင့် စစ်တွေ အကြား သွားလာနေသည့် ကားတစ်စီးသည် မင်းပြား၊ မြောက်ဦး၊ ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့များကို ပတ်ပြီး သွားလာနေရသဖြင့် အချိန် ၆ နာရီခန့် မလိုလားအပ်ဘဲ ကြန့်ကြာနေရသည်ဟု သိရသည်။
သို့အတွက် ယခုကဲ့သို့ မြစ်ကူးတံတားထိုးပေးရန် တောင်းဆိုရခြင်းဖြစ်သည်ဟု ဆိုသည်။
ယင်းနှင့်ပတ်သက်ပြီး ဒုသမ္မတနှင့်အတူလိုက်ပါလာသည့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက “၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်မှာ ဒီတံတားထိုးပေးနိုင်မယ့်လုပ်ငန်းမျိုး ပါရှိ/မရှိဆိုတာ ကျနော်တို့ ပြန်လည်တင်ပြပြီးတော့မှ ပြန်လည်ဖြေကြားပေးသွားပါ့မယ်”ဟု ဖြေဆိုခဲ့သည်။
ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ရောက်ရှိခဲ့သော ပြည်ထောင် စုဝန်ကြီးဦးစိုးသိန်းခေါင်းဆောင်သည့်အဖွဲ့သည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးမောင်မောင်အုန်းနှင့် ဌာနဆိုင်ရာ များ၊စစ်တွေမြို့မိမြို့ဖများနှင့် စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမတွင်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပုဏ္ဏားကျွန်းနှင့်ပေါက်တောမြို့ကိုဆက်သွယ်နိုင်မည့် မြစ်ကူးတံတားတစ်စင်းတည်ဆောက်နိုင်အောင် သမ္မတ ဦးသိန်းစိန်ကို တိုက်ရိုက်တင်ပြသွားမည်ဟု ကတိပြုပြောဆိုခဲ့သည်။
ယင်းတံတားထိုးရန်ကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်အစိုးရအနေနှင့်လည်း အလေးထားစီစဉ် ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးမောင်မောင်အုန်းက ယင်းနေ့က အခမ်းအနားတွင် ပြောကြားခဲ့သည်။
အဆိုပါတံတားထိုးပေးနိုင်ပါက ဒေသတွင်း ကုန်စည်ကူးသန်းမှုနှင့် ဆက်သွယ်သွားလာမှု ပိုမိုမြန်ဆန် လာမည်ဖြစ်သည့် အပြင်မြို့ပြအချင်းချိတ်ဆက်သွယ်မှုများမှ တဆင့် တစ်မြို့နှင့်တစ်မြို့ အကြား ဖွံ့ဖြိုးတိုးတက်မှုလည်း တစ်ပြေးညီ ဖြစ်လာနိုင်ကြောင်းပေါက်တောဒေသခံဦးမြတ်ထွန်းက သုံးသပ်ပြောသည်။
ယင်းအပြင် တံတားကြီးထိုးလိုက်နိုင်ပါက ပေါက်တောမှတဆင့် မင်းပြား၊ မင်းပြားမှတဆင့် ရန်ကုန်သို့ ကားဖြင့် တိုက်ရိုက်သွားနိုင်တော့မည်ဟုလည်း ဆိုသည်။

No comments:
Post a Comment